တရားခံ
“(ဘာသာပြန် ဝတ္ထု)
~~~~~~~~~~~~~~~~မောင်ထင်
လယ်သမားခမျာမှာ အရိုးပေါ်အရေတင် မျှသာရှိသော ပိန်တာရိုးဖြစ်သည်။ သူဝတ်ထားသောဘောင်းဘီမှာ ဖာတစ်ရာနှင့်၊ ရှပ်အကျီင်္ကား ဖျင်ကြမ်းသာတည့်။ သူ့မျက်နှာမှာ ပါးမုန်းမွေးထူ၏။ ကျောက်ပေါက်လည်းထူ၏။ ဤအထဲတွင် မျက်ခုံးမွေးကလည်းထူပြန်၏။
ထိုမျက်ခုံးမွေးထူထဲထဲတွင် မျက်စိများ မြုပ်နေသဖြင့် သူ့မျက်စိကို လူမြင်ဖို့ခက်သည်။ သို့သော် သူ့မျက်နှာထားမှာ တစုံတခုကို စိတ်တိုင်းမကျ၍ သုန်မှုန်နေသည်။ ခေါင်းဖြီးသောဘီးနှင့် တစ်ခါမျှတွေ့ဖူးဟန်မရှိသော ဆံပင်သည် ပြေင်းဖူးမွေးကဲ့သို့ရှုပ်ထွေးလျှက်ရှိရကား ယင်းသည် ပင်လျှင် သူ၏စိတ်ရှုပ်နေပုံကို သရုပ်ဖော်ပေးနေသည်။ သူ့မျက်နှာထားကို တင်းအောင်လည်း ဖန်တီးပေးနေသည်။ တရားခွင်၌စစ်ဆေးနေသော တရားသူကြီး၏ရှေ့တွင် အထက်ပါအတိုင်း သူသည် ဖိနပ်မပါသောခြေဖြင့် မတ်တပ်ရပ်လျှက်နေသည်။
တရားသူကြီးက သူ့အား ဒဲနစ္စဟုခေါ်သည်။ “ဒဲနစ္စ၊ ဒီအနား တိုးပြီး ငါမေးတာဖြေစမ်း။ အခု ဇူလိုင်လ ၇ ရက်နေ့ နံနက်တွင် မီးရထားလမ်းစောင့် အိုင်ဗန်သည် ဝတ္တရားအရ ပတ်တရောင်လှည့်နေခိုက် ၁၄၁ မိုင်တိုင်အနီးရှိ ရထား သံလမ်းနဲ့ဇလီဖားတုံးကိုစွဲထားတဲ့ ဝက်အူက ဝက်အူခေါင်းဇာဝီကို မောင်မင်းဖြုတ်ယူတာ တွေ့ရကြောင်း စွဲချက်ရှိတယ်။ မောင်မင်းဘာပြောလိုသလဲ။ ဟောဒီမှာ ဇာဝီခေါင်း။ အဲဒီဇာဝီနဲ့အတူ မင်းကိုဖမ်းတယ်။ အဲဒါမှန် မမှန် ရုံးတော်ကိုလျှောက်တင်စမ်း။”
“တင်ပါ့”
“အခု အိုင်ဗန်ရဲ့ စွဲချက်အတိုင်း ဟုတ်မဟုတ် ပြောစမ်း”
“ဟုတ်ပါ့ ဘုရာ့”
“ကောင်းပြီ မောင်မင်း၊ ဇာဝီခေါင်းကို ဘာကြောင့်ဖြုတ်ရသလဲ”
“တင်ပါ့”
“တင်ပါ့၊ တင်ပါ့ နဲ့လုပ်မနေစမ်းပါနဲ့၊ ငါမေးတာပြောစမ်းပါ။ ဘာလုပ်ဖို့ ဇာဝီခေါင်းကိုဖြုတ်ရတာလဲကွယ့်”
“ကျွန်တော်မျိုးမလိုချင်ဘဲနဲ့တော့ ဘယ်တော့မှ မဖြုတ်ဘူးဘုရာ့”
ဟု ဒဲနစ္စက ရုံးမျက်နှာကျက်ကို မော်ကြည့်ကာ အာလုပ်သံနှင့် ပြောလိုက်သည်။
“ဒီ ဇာဝီခေါင်းကို ဘာလုပ်ဖို့လဲ”
“ဒီ ဇာဝီခေါင်းကိုလား၊ ဒါ ကျွန်တော်မျိုးတို့ခဲဆွဲတာလေ”
“ကျွန်တော်မျိုးတို့ ဆိုတာ ဘယ်သူတွေလဲဟဲ့”
“ကျွန်တော်မျိုးတို့ ဆိုတာ ကျွန်တော်မျိုးတို့ ပေါ့ဘုရာ့။ ကလီမိုဗို ရွာက လူတွေကိုဆိုတာပါ”
“ဒီမှာ ကိုရင်၊ငါ့ကို အရူးလုပ်မနေစမ်းနဲ့။ စကားကောင်းကောင်းပြောစမ်းပါ။ ခဲဆွဲတယ် ဘာတယ်နဲ့ ငါ့ကို လိမ်မပြောပါနဲ့”
ဒဲနစ္စသည်မျက်လုံးပျာကလတ်နှင့်အောက်ပါကဲ့သို့ ပြန်လည်တင်လျှောက် လိုက်သည်။
“တစ်သက်နဲ့တစ်ကိုယ် လ်ိမ်မပြောဘူးပေါင်။ ခုမှပဲ လိမ်ပြောတယ်လို့ အပြောခံရတယ်။ အရှင်ဘုရားပဲ စဉ်းစားကြည့်စမ်းပါ။ ခဲမဆွဲရဘဲနဲ့ ဘယ်လိုလုပ်မလဲ။ ငါးမျှားချိတ်မှာ တီကောင်တပ်ပြီး လွှတ်လိုက်ရုံနဲ့ ငါးမျှားက သူ့အလိုလို ရေထဲငုပ်မသွားဘူး ဘုရာ့။ အဲဒါနဲ့တောင်မှ လိမ်တယ်ညာတယ် အပြောခံရသေး။ ကကူရံတို့ ကသမြင်တို့ ငါးရှဉ့်တို့ဆိုတာ ရေအောက်အနက်ကြီးမှာနေတာ။ ဒီတော့ ငါးမျှားချိတ်ရေအောက်ကို ဒုတ်ဒုတ်ထိ ရောက်မှသာ ငါးကဟပ်တော့မပေါ့။ ငါးစာကရေပေါ်မှာ ပေါလောမျောနေရင် ငါးစင်ရိုင်းသာ ဟပ်တော့မပေါ့။ ဒါတောင်မှ ဆယ်ခါမှာ တစ်ခါဟပ်မှာမဟုတ်ဘူး။ ပြီးတော့ ကျွန်တော်မျိုးတို့ ငါးမျှားတဲ့နေရာမှာ ငါးစင်ရိုင်းမရဘူး”
“ဟေ့၊ မောင်မင်း ငါ့ကို ငါးစင်ရိုင်း အကြောင်းပြောနေတာ ဘာသဘောလဲကွယ့်”
“တင်ပါ့။ ဒါကတော့ ကိုယ်တော့်အမေးနဲ့ ကိုယ်တော်ပဲ၊ ကျွန်တော်မျိုးတို့ဆီမှာတော့ လူကြီးလူကောင်းထဲက ငါးမျှားရင်တောင်မှဒီလိုပဲ မျှားကြတာပဲ။ ငါးမျှားတဲ့အခါ ခဲမဆွဲဘဲနဲ့တော့ ကလေးတောင် မမျှားပါဘူး။ အဲလေ၊ နို့ပေမယ့် တချို့ကတော့ အသိဥာဏ် မရှိလို့ ခဲမဆွဲဘဲ မျှားချင်မျှားမှာပဲ။ လူမိုက်မှာဆေးမရှိဘူးဆိုတော့ သူတို့လုပ်ချင်ရာ လုပ်ကြတာပဲ”
“ဒါဖြင့် အခု မောင်မင်း ပြောချင်တာက ဇာဝီခေါင်းကိုဖြုတ်တာ ခဲဆွဲဖို့ဖြုတ်တယ်လို့ ဆိုချင်တာပေါ့”
“ခဲဆွဲဖို့ မဟုတ်ရင် ဘာလုပ်ဖို့တုန်း၊ ကစားဖို့ဖြုတ်တာမှ မဟုတ်ဘဲ”
“ခဲဆွဲချင်ရင် ခဲချောင်းတို့၊ သံချောင်းတို့၊ ယမ်းတောင့်ထိပ်ဖူးတို့ကိုသုံးပါလား”
“ခဲချောင်းဆိုတာ လမ်းပေါ်မှာ အလကားကောက်လို့ရတဲ့ ပစ္စည်းမဟုတ်ဘူးဘုရာ့။ ပိုက်ဆံနဲ့ ဘာနဲ့ဝယ်မှရတာ။ သံချောင်းတို့ ဘာတို့က သုံးလို့မကောင်းပါဘူး။ ဇာဝီခေါင်းကမှ ကောင်းတယ်။ ဇာဝီခေါင်းက လေးလည်းလေးတယ်။ အလယ်မှာ အပေါက်လည်းရှိတယ်”
“ရူးသလို နှမ်းသလိုလုပ်မနေနဲ့ဟေ့။ ကိုရင်က ကိုရင့်ကိုယ်ကို မွေးကင်းစကလေးလို လုပ်နေတာလား။ မောင်မင်းမှာ အစဉ်းစားဥာဏ်မရှိဘူးလား။ ကြည့်စမ်း ဒီဇာဝီခေါင်းကို ဖြုတ်ရင် ဘာဖြစ်တတ်တယ်ဆိုတာ နားမလည်ဘူးလား။ မီးရထားလမ်းစောင့်ကသာ မစောင့်ရင် ဒီဇာဝီခေါင်းပြုတ်နေလို့ မီးရထားလမ်းချော်ပြီး လူတွေအများကြီး သေကုန်မှာပဲ။ မောင်မင်းလုပ်ပုံက လူတွေကို တစ်ပြုံကြီးသတ်ပစ်တာလိုပဲ”
“ဘုရားရေ…..။ကျွန်တော်မျိုးကလား လူတွေကို သတ်ပစ်ရမှာ။ အရှင်ဘုရားနှယ်။ ကျွန်တော်မျိုးဟာ ဗတ္တိဇန်(ရေဖျန်း)မင်္ဂလာကို မခံရတဲ့သူလည်း မဟုတ်ပါဘူး။ ရာဇဝတ်ကောင်လည်း မဟုတ်ပါဘူး၊ လူသတ်ဖို့ဆိုတာကို တစ်သက်လုံးအိပ်မက်ထဲမှာတောင် မမက်ဖူးပါဘူး။ ကောင်းကင်ဘုံရှိ မယ်တော်မာရီ သခင်မ ကယ်တော်မူပါ။ ကျွန်တော်မျိုးအပေါ် ကြင်နာတော်မူပါ။ အရှင်ဘုရား၊ ကျွန်တော်မျိုးကို ဘယ်လို ပြောလိုက်တာလဲ ဘုရား”
“ကိုင်း ကိုရင့်ကိုမေးမယ်။ မီးရထားမှောက်တယ်ဆိုတာ ဘာကြောင့်လဲ။ သိရဲ့လား။ အခု ဇာဝီခေါင်း တစ်ခုနှစ်ခုဖြုတ်လိုက်ရင် မီးရထား မှောက်ကရော။ နားလည်လား”
ဒဲနစ္စသည် တရားသူကြီးပြောစကားကို မယုံကြည်နိုင်ဘိသကဲ့သို့သောမျက်နှာထားဖြင့် တရားသူကြီးအား မျက်တောင်ပင့်ကာ ပြီတီတီနှင့် ကြည့်လိုက်သည်။
“ကျွန်တော်မျိုးတို့ ဒီရွာမှာ ဇာဝီခေါင်းကိုဖြုတ်လာလိုက်ကြတာ နှစ်ပေါင်းကြာပါပြီ။ ဟော အခုအရှင်က လူတွေကိုသတ်တယ်လို့ပြောနေတယ်။ ဘုရားသခင်စောင်မပါစေ။ ကျွန်တော်မျိုး ရထားသံလမ်းကြီးကို ချီမပြီးယူသွားရင်တော့ ဟုတ်တာပေါ့။ ရထားပျက်မှာပေါ့။ ဒါမှမဟုတ်လည်း ရထားရှေ့သစ်တုံးကြီး ချထားရင် ရထားမှောက်မှာဧကန်ပဲ။ ဒါပေမယ့် ဇာဝီကလေး တစ်ခုကြောင့်တော့…..ဟင်း။ ပြော မပြောချင်ပါဘူး”
“ဒါပေမယ့် မောင်မင်းစဉ်းစားစမ်းပါ။ ဒီဇာဝီကြောင့် ရထားသံလမ်းဟာ ဇလီဖားတုံးနဲ့ ခိုင်ခိုင်ခံ့ခံ့ မြဲနေတာပဲ”
“ဒါလောက်တော့လည်း ကျွန်တော်မျိုးတို့နားလည်ပါတယ်ဘုရာ့။ ဒါကြောင့်မို့လည်း ကျွန်တော်မျိုးများဟာ ဇာဝီခေါင်းတွေရှိသမျှကို ဘယ်တော့မှ အကုန်မဖြုတ်ပါဘူး။ နည်းနည်းတော့ အမြဲပဲ ချန်ထားခဲ့ကြတာချည်းပါပဲ။ ကျွန်တော်မျိုးတို့ မစဉ်းမစား မလုပ်တတ်ပါဘူး။ သိတတ်ပါတယ်။”
ဒဲနစ္စသည် ဝါးခနဲ သမ်းလိုက်ပြီးလျှင် ရင်ဘတ်ပေါ်၌ လက်ဝါးကပ်တိုင် အမှတ်အသားကိုပြု၍ ဆုတောင်းသည်။
တရားသူကြီးက “မနှစ်က ဒီနေရာမှာ ရထားမှောက်တယ်။ အဲဒါဘာကြောင့်လည်း ဆိုတာ အခုမှပဲ ထင်ရှားတော့တယ်” ဟုဆိုလေသည်။
“မှန်ပါ အရှင်၊ နားမလည်လိုက်ပါဘူး”
“မနှစ်က ဒီနေရာမှာ မီးရထားမှောက်တာဟာ ဘာဖြစ်လို့မှောက်ရတယ်ဆိုတာ ထင်ရှားတယ်။ အဲဒါကို ငါပြောနေတာပဲ။ ခုမှရှင်းသွားတော့တယ်”
“အရှင်ဘုရားတို့ ပညာရှိများကတော့ ကျွန်တော်မျိုးတို့ ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ရာ အဲဒါလောက်ပဲ နားလည်ကြမှာပေါ့။ ဒါပေမယ့် ဘယ်သင်းကိုဘယ်သူက ဘယ်လို နားလည်ရမယ်ဆိုတာကိုတော့ ဘုရားသခင်မှတပါး ဘယ်သူမှ သိကြတာမဟုတ်ပါဘူး။ ကိုယ်တော်ကတော့ အကျိူးဘယ်လို အကြောင်းဘယ်လို ဆိုတာ အခုစဉ်းစားလို့ရပြီပေါ့။ နို့ပေမယ့် ဟောဟို အစောင့်ကြီးကတော့ ကျွန်တော်မျိုးတို့လို တောင်သူလယ်သမားဆိုတော့ ဘာမှစဉ်းစားတတ်တာမဟုတ်ဘူး။ ကျွန်တော်မျိုးကို အတင်းဆွဲပြီးခေါ်လာတာပဲ။ အမှန်မှာတော့ လူတွေဟာ ဖမ်းဟယ် ဆီးဟယ် မလုပ်ခင် အကျိုးရယ် အကြောင်းရယ် ဆင်ခြင်သင့်ပါတယ်။ နို့ပေမယ့် ဖမ်းသူကလည်း တောသူတောင်သား လယ်သမားဆိုတော့ တောသူတောင်သားလယ်သမားလောက်ပဲ အစဉ်းစားဥာဏ် ရှိမှာပေါ့။ အရှင့်ကို လျှောက်ထားချင်တာကတော့ မီးရထားလမ်းစောင့်ဟာ ကျွန်တော်မျိုးမေးရိုးကို လက်သီးနဲ့ နှစ်ချက်ထိုးပါတယ်။ ရင်ဘတ်ကိုလည်း ထိုးပါတယ်။ အဲဒါကိုတဆိတ်ကလေး မှတ်တမ်းတင်ပေးတော်မူပါ”
“မောင်မင်းအိမ်ကိုရှာတုန်းက ဇာဝီခေါင်းတစ်ခုထပ်ပြီးတွေ့တယ်ဆိုပါကလား။ အဲဒီဇာဝီကို မောင်မင်း ဘယ်တုန်းက ဘယ်နေရာမှာ ဖြုတ်ခဲ့တာလဲ”
“ခု အရှင်ဘုရားမေးတာက သေတ္တာနီနီကလေး အောက်မှာထားတဲ့ ဇာဝီမဟုတ်လား”
“မောင်မင်းဇာဝီဘယ်မှာထားတယ်ဆိုတာ ငါဘယ်သိနိုင်ပါ့မလဲ။ မောင်မင်းဆီမှာ တွေ့တယ်လို့သာ ငါနားလည်တယ်။ မောင်မင်း အဲဒီဇာဝီကိုဘယ်က ဖြုတ်ခဲ့သလဲ”
“ကျွန်တော်မျိုး မဖြုတ်ရပါကလား။ ဒီဇာဝီကို မျက်စိတဖက်လပ် နဲ့ ဆီမြွန်ရဲ့သားက ကျွန်တော်မျိုးကိုပေးတာပါ။ အဲဟိုသေတ္တာအောက်က ဇာဝီကိုပြောတာပါ။ ခြံထဲက လှည်းအောက်မှာတွေ့တဲ့ ဇာဝီကတော့ ကျွန်တော်မျိုးနဲ့ ပီထရော့တို့ နှစ်ဦးသား ဖြုတ်တဲ့ဇာဝီဖြစ်ပါတယ်”
“ပီထရော့ဆိုတာက ဘယ်ကလဲ”
“ကိုယ်တော် ပီထရော့ဆိုတာ မကြားဖူးဘူးလား…။ သူက ပိုက်ရက်တဲ့လူပဲ။ ပိုက်ရက်ပြီး ကြေးရတတ်တွေကို ရောင်းတာသူပေါ့။ ဒါကြောင့်သူ့မှာ ဇာဝီခေါင်းအများကြီး လိုတယ်…။ ပိုက်တလုံးကိုရက်ပြီဆိုရင် အနည်းဆုံး ဇာဝီခေါင်း ၁၀ခေါင်း တပ်ရတယ်။”
“ကိုင်း….နားထောင်စမ်းဟေ့။ ရာဇသတ် ဥပသေပုဒ်မ ၁၀၈၁ အရဆိုရင် မီးရထားလမ်းကို တမင်တကာဖျက်ဆီးတာ၊ မီးရထားပျက်ဆီးအောင် တမင်တကာ ကြံရွယ်တာ၊ ရထားလမ်းကိုဖျက်တဲ့ဟာမှာ ရထားမှောက်လိမ့်မယ်လို့ သိလျက်နဲ့ဖျက်တာ။ အဲဒါ နားလည်ရဲ့လား။ သိလျက်နဲ့ဖျက်တာဆိုတာသိရဲ့လား။ အခုမောင်မင်း ဇာဝီခေါင်းတွေ ဖြုတ်တယ်ဆိုတော့ မတော်တဆရထားမှောက်မယ်ဆိုတာ သိလျက်နဲ့ ဖြုတ်တာပေါ့။ အဲဒီလိုသိလျက်နဲ့ လုပ်တာမျိုးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်အပြစ်ပေးနိုင်တယ်။”
“ဒါတော့ ကျွန်တော်မျိုးတောသားတွေ ဘယ်နားလည်မလဲ။ ကိုယ်တော် အရှင်ဘုရားသာ သိမှာပေါ့။ ကျွန်တော်မျိုးတို့ ဘယ်သိနိုင်ပါ့မလဲ”
“မောင်မင်းညာမနေစမ်းပါနဲ့။ ဒီအကြောင်းတွေကိုအားလုံးသိပြီးသားပါ”
“ကျွန်တော်မျိုး ဘာကြောင့်ညာရမှာလဲ။ မယုံရင် တစ်ရွာလုံးကို မေးကြည့်စမ်းပါ။ ခဲမဆွဲဘဲနဲ့ မျှားရင် ငါးစင်ရိုင်းကိုသာမိမှာပေါ့။ တခါတလေ အဆင်သင့်ရင် ငါးတန်ကိုလည်း မိချင်မိမယ်။ နို့ပေမယ့် ငါးတန်တောင်မှ ရေတိမ်တိမ်မှာ ငါးစာကိုဟပ်ချင်မှ ဟပ်လိမ့်မယ်”
လယ်သမားက ဤသို့ပြောလိုက်သောအခါ တရားသူကြီးသည်ပြုံး၍ “ငါးပြေမကလေးများ အကြောင်းလည်း ပြောစမ်းပါဦးကွဲ့” ဟုဆိုလေသည်။
“ကျွန်တော်မျိုးတို့ဆီမှာ ငါးပြေမ မရှိပါဘူး။ ကျွန်တော်မျိုးတို့တခါတလေ ငါးမျှားကြိုးမှာခဲမဆွဲဘဲ ပိုးကောင်မွှားကောင်ကို ငါးစာလုပ်ပြီးမျှားရင် ငါးကုလားတို့ ဘာတို့ ရတတ်ပါတယ်။ ဒါတောင်မှ များများစားစားမရပါဘူး”
“ကိုင်း တော်ပါတော့ မောင်မင်းကြီးသားရယ်”
ထိုအခါ အားလုံးတိတ်ဆိတ်သွားလေသည်။ ဒဲနစ္စသည် ရပ်နေသော ခြေထောက်အနေအထားကို ပြင်ပြီးလျှင် တရားခွင်ရှိ စားပွဲခင်းစိမ်းစိမ်းကြီးကို စူးစိုက်ကြည့်နေပါသော်လည်း စားပွဲခင်းကိုမမြင်ဘဲ နေကိုသာမြင်သောကြောင့်၊ မျက်စိကျိန်း သလိုလိုရှိကာ မျက်တောင်တလှပ်လှပ် ခတ်နေသည်။ တရားသူကြီးကား စီရင်ချက်ကို အသော့ရေးလျှက် ရှိသတည်း။
အတန်ကြာမျှတိတ်ဆိတ်နေပြီးနောက် ဒဲနစ္စက “ကျွန်တော်မျိုး ပြန်နိုင်ပါပြီလား” ဟုမေးလေ၏။
“ဟင့်အင်း၊ ဟင့်အင်း။ မပြန်ရသေးဘူး။ မောင်မင်းကို အချုပ်ခန်းထဲသွင်းပြီးနောက် ထောင်ကိုပို့ရလိမ့်မယ်”
ဒဲနစ္စသည် မျက်တောင် တလှပ်လှပ်ခတ်နေရာမှ ရပ်လိုက်ပြီးလျှင်။ သူ၏မျက်ခုံးကို နဖူးပေါ်သို့မြှင့်တင်၍ တရားသူကြီးအား စုံစမ်းမေးမြန်းလိုသော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။
“ဖြစ်မှဖြစ်ရလေ အရှင်ဘုရားရယ်။ ကျွန်တော်မျိုးကို ဘောက်မယ့်ကြောင့် ထောင်ချရမှာတုံး။ ကျွန်တော်မျိုးမှာ ထောင်ကျနေဖို့ အချိန်မရှိဘူး ဘုရား။ ကျွန်တော်မျိုး စျေးသွားစရာရှိတယ်။ ပြီးတော့လည်းဆီဝယ်ဖို့အတွက် အိမ်နီးနားချင်းတစ်ယောက်ဆီက ငွေသုံးကျပ် ချေးစရာလည်းရှိသေးတယ်”
“တော်စမ်းဟေ့…တိတ်စမ်း။ ငါ့ကို မနှောင့်ယှက်စမ်းနဲ့ကွယ်”
“ထောင်ကျရမှာလား ကိုယ်တော်အရှင်ရဲ့။ ကျွန်တော်မျိုးသာပြစ်မှုကျူးလွန်မိရင်တော့ ထောင်ကျခံဖို့ ဝန်မလေးပါဘူး။ နို့ပေမယ့် ဘာမဟုတ်တာကလေးနဲ့ထောင်ကျမယ်ဆိုတော့ ဘယ်လိုဟာလဲ။ ကျွန်တော်မျိုးသိသလောက်တော့ ခိုးလည်းမခိုးမိပါဘူး။ ရန်လည်း မဖြစ်မိပါဘူး။ ဒီမှာ အရှင်ဘုရားရဲ့၊ ကျွန်တော်မျိုးဆီမှာ အခွန်တော်များကြွေးကျန်ရင် သူကြီးပြောတိုင်းလည်း မယုံပါနဲ့ ဘုရား။ သမာဓိလူကြီး တွေကိုလည်းစစ်ဆေးကြည့်ပါဦး။ သူကြီးဆိုတဲ့လူကတော့ ခရစ်ယာန်မဟုတ်ဘူး ဘုရာ့။ သူတို့ ဒိဌိတွေဟာ…..”
“တိတ်စမ်းလေ….တိတ်စမ်း”
“ကျွန်တော်မျိုးက တိတ်နေတာပဲ။ ဒီသူကြီးဆိုတဲ့ အကောင်ကတော့ အခွန်တော်နဲ့ပါတ်သတ်ပြီး ညာနေတာပါ။ ကျွန်တော်မျိုး ကျမ်းကျိန်အစစ်ခံရဲပါတယ်။ ကျွန်တော်မျိုးတို့မှာ ညီအစ်ကိုသုံးယောက်ရှိပါတယ်…”
“မောင်မင်းတယ်ပြီး အနှောင့်အယှက်ပေးတာပဲ။ ဟေ့၊ အမှုထမ်းတွေ…လာစမ်းကွယ်။ ဒီတရားခံကိုခေါ်သွားစမ်းပါ။”
ယင်းသို့တရားသူကြီးကပြောလိုက်သောအခါအမှုထမ်းနှစ်ယောက်သည် ဒဲနစ္စအား ရုံးခန်းမှ ဆွဲထုတ်သွားသည်။ ဒဲနစ္စကား “တို့မှာ ညီအစ်ကို သုံးယောက်ရှိတယ်။ အစ်ကိုလုပ်တဲ့အလုပ်အတွက် ညီမှာခံရတယ်လို့မရှိကောင်းပါဘူး။ ဥပမာ ငါ့အစ်ကိုအခွန်မဆောင်နိုင်တာ ငါနဲ့ဘာဆိုင်သလဲ။ တရားသူကြီးဆိုတာ အံ့ပါ့ကွယ်။ ငါတို့ အရှင်သခင်နဲ့တူတဲ့ ဗိုလ်မှူးချုပ် မျက်နှာလွှဲသွားတယ်ဆိုရင်ပဲ တစ်မျိုးဖြစ်ကုန်တာပဲ။ ဗိုလ်မှူးချုပ်ကောင်းရာသုဂတိလားပါစေ။ ဗိုလ်မှူးချုပ်သာရှိရင် ဒီတရားသူကြီးတွေကို အကြောင်းပြလိုက်မှာပေါ့။ တရားကိုဆုံးဖြတ်တယ်ဆိုတာ နားလည်မှကောင်းတယ်။ ကိုယ်ဆုံးဖြတ်ချင်သလို ဆုံးဖြတ်လို့နေရာကျတာမျိုးမဟုတ်ဘူး။ လူတစ်ယောက်ကိုကြိမ်ဒါဏ် ရိုက်စရာရှိရင်တောင်မှ တရားသဖြင့်သာရိုက်ဖို့ကောင်းပါတယ်။”ဟူ၍ ပါးစပ်မှ တဖွဖွရွတ်ရင်း လိုက်ပါသွားရရှာလေသတည်း။
______________**************_______________
မောင်ထင်
(The Cul Prit by Anton Chekhov)
(ငွေတာရီ၊ အမှတ် ၄၅။ မတ် ၁၉၆၄)
မောင်ထင်။ကမ္ဘာ့ဝတ္တုတိုများ
ဒုတိယအကြိမ်
၂၀၀၀၊ရာပြည့်စာအုပ်တိုက်
at 8/07/2010 04:25:00 PM
[ ငွေနှင်းရည်စက် ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]
စာပေဟောပြာပွဲမှ ထပ်ဆင့်ကူးယူသည်