သဇင်ပန်းသုံးခက်
– မိုးမိုး(အင်းလျား)
“မညို ငါ့လုံချည်ကို သေသေချာချာ မီးပူတိုက်ထားနော် ကြားလား၊ ပြီးရင် မခေါက်နဲ့၊ တန်းပေါ်မှာ ဖြန့်ထား၊ ခေါက်ရိုးကြောင်းကြီးတွေ ထင်နေရင် ငါမကြိုက်ဘူး”
“ဟုတ်ကဲ့မမ”
“အင်္ကျီကိုလဲ ပြန့်အောင် တိုက်ပြီးအင်္ကျီချိတ်နဲ့ ချိတ်ထား”
“ဟုတ်ကဲ့”
“ဖိနပ်အဖြူလဲ ထုတ်ထားနော်”
“ဟုတ်ကဲ့”
“နင့်အစ်ကို မေးရင်ငါသဇင်ပန်း သွားဝယ်တယ်ပြော၊ အခု ပြန်လာမယ်လို့”
ဒေါ်ခင်မိုးအေးသည် သားရေအိတ်ကို ကိုင်၍ အိမ်ထဲမှ ထွက်ခဲ့သည်။ တော်တော် ဒုက္ခပေးတဲ့ သဇင်ပန်းပဲ။ မနေ့ကတည်းက ကြိုကြိုတင်တင် ဝယ်ထားဖို့ ကိစ္စ၊ ဟိုမိန်းမပေါ့၊ ၃၈လမ်း ဈေးထိပ်က သဇင်ပန်းသည်။ တစ်နေ့ကတည်းက သဇင်ပန်းလှလှ၊ အခက်ကြီးကြီး လေး ငါးခက်လောက် ဆက်ဆက် ယူခဲ့ဖို့ မှာလိုက်သည်။ “စိတ်ချပါ အစ်မ” ဆိုပြီး သည်နေ့မနက် ဈေးကို ရောက်တော့ ပိန်းပန်းဘက် လှည့်နေရလို့ သဇင်ပန်း ဝယ်ဖို့ မေ့သွားသတဲ့၊ သဇင်က သိပ်လဲ မပွင့်သေးလို့ ရှားတယ်တဲ့၊ သူသွားနေကျ အိမ်ကလဲ သဇင်မစိုက်၊ ပိန်းနဲ့ သစ်ခွပဲ စိုက်တယ်တဲ့။
“သစ်ခွပဲ ပန်ပါလား အစ်မရယ်နော်၊ ဗင်ဒါလေး တစ်ပွင့်မှ ရှစ်ကျပ်တည်း၊ အစ်မမို့ ပေးတာ၊ အန်တီ တစ်ယောက်က တစ်ဆယ်နဲ့ ယူနေကျ၊ သစ်ခွနှစ်ပွင့် ပန်လဲ လှပါတယ် အစ်မရဲ့”
သူကပြောသေးသည်။
“ငါဝတ်မှာက အပြာဟဲ့၊ မလိုက်ပါဘူး၊ သဇင်ပန်း ပန်ချင်တာ၊ သူ့အားကိုးပြီး နေတာ၊ ခုတော့ အချိန်တောင် မရတော့ဘူး”
“သဇင်က ရှားသေးတယ် အစ်မရဲ့၊ ဟောဒီ ခရမ်းရောင်လေးတွေ ပန်ပါလား၊ အပြာနဲ့ လိုက်ပါတယ်”
အရေးထဲမှာ သူက အရောင်စပ်နေ သေးသည်။
“မဖြစ်ပါဘူးအေ”
သစ်ခွ ခရမ်းရောင်က ဈေးပေါလွန်းလှသည်။ ပြီးတော့ သည်ပွဲမှာ သဇင်ပန်း ပန်မှပဲ ဖြစ်မည်။ ကိုယ်က အသက် လေးဆယ်ကျော်စ ဆိုပေမဲ့ မင်္ဂလာ ဆောင်မှာက ကိုကို့ တူလေး။ ကိုယ်က လူကြီးလုပ်ပြီး ဦးဆောင်ဦးရွက် လုပ်ရမည့်ပွဲ။ ကိုကို့ ဘက်ကရော သတို့သမီး ဘက်ကရော လူကြီးလူကောင်းတွေ လာကြမည်။ ဆံထုံးမြင့်မြင့် ထုံးရမည်။ ချိတ်လုံချည် ဝတ်ရမည်။ အင်္ကျီလက်ရှည် ဝတ်ရမည်။ ပဝါ ခြုံရမည်။ အဲသည် အဝတ်အစားတွေနှင့်က သဇင်ပန်းနှင့်ပဲ ပနံရသည် မဟုတ်ပါလား။ သဇင်ပေါ်စ ဆိုသော်လည်း ယခင် တစ်ပတ်ကပဲ အင်းလျားလိတ် မင်္ဂလာဆောင်တစ်ခု သွားရာ သဇင်ပန်းတွေကို ဖွေးဖွေးလှုပ်အောင် မြင်ခဲ့ရသေးသည်။
အိမ်က ကားကို ကိုကို ယူသွားလေတော့ ဗိုလ်ချုပ်ဈေးကို ခြေကျင်ပဲ လျှောက်ခဲ့ရသည်။ ပန်းဆိုးတန်းနှင့် ဗိုလ်ချုပ်ဈေးက သိပ်မဝေးလို့ တော်ပါသေးရဲ့။ ဗိုလ်ချုပ်ဈေးမှာက ရှားပါးလှသည့် ပန်းတွေပေမဲ့ အဆင်သင့် ရှိနေတတ်သည်။
ဗိုလ်ချုပ်ဈေး ပန်းဆိုင်တွေဘက် လျှောက်လာခဲ့သည်။ အဆင်သင့် တွေ့ရလျှင် ဘယ်လောက် ပေးရပေးရ ဝယ်မည်ဟု စိတ်ကူးခဲ့၏။
“သဇင်ပန်း ရှိလားဟင်”
“ရှိတယ်”
ရှိတယ်သာ ဆိုပေမဲ့ ပန်းကို မမြင်ရ။ ဈေးသည်က အေးစက်စက်။
“ပြပါဦး”
“ဘယ်နှစ်ခက် ယူမှာလဲ”
“လေး ငါးခက်ပေါ့”
ပန်းသည်က နောက်နားမှ ငှက်ပျောဖက် အထုပ်လေးကို အသာအယာ လှမ်းယူသည်။ ဒေါ်ခင်မိုးအေး ရှေ့မှာ ဖြေပြသည်။ အားမရစရာ၊ ပန်းက ဆယ်ခက်လောက်တော့ ရှိသည်။ သို့သော် တစ်ခက်ချင်း ကောက်ကိုင်လိုက်တော့ အခက်လေးတွေက တိုနံ့နံ့၊ အပွင့်ကလဲ ကျဲပါဘိ။
“ဒီထက်ကောင်းတာ မရှိတော့ဘူးလား”
ဈေးသည်က ခေါင်းခါသည်။
“တစ်ခက် ဘယ်လောက်လဲ”
“ခုနစ်ကျပ်”
“များလှချည်လား အဒေါ်ရယ်၊ အခက်ကလဲ ကျဲလိုက်တာ”
“ပေါ်ခါစကိုးကွဲ့၊ မနက်ကပဲ ဆယ့်ငါးခက် ရောင်းလိုက်ရတယ်၊ ဒါလဲ တော်ကြာ ကုန်မှာ”
ဈေးသည်က သူ့ပန်းတွေကို အဖိုးတန် ရတနာလေးတွေ အလား ဖက်နှင့် တယုတယ ပြန်ထုတ်ပြီး နှီးကြိုးလေး လိမ်ကာ ချည်လိုက်သည်။
“ကျွန်မ အခက်ကြီးကြီး လိုချင်တာ”
မဝယ်နိုင်ဘူး ထင်မည် စိုးသောကြောင့် ပြောလိုက်သေးသည်။ ဈေးသည်က စကားမပြန်။ ဒေါ်ခင်မိုးအေးသည် နောက်တစ်ဆိုင် မေးသည်။ မရှိ။ နောက်မှ ရခိုင်ချိတ်တွေ ရောင်းသော ဆိုင်တစ်ဆိုင်ရှေ့မှာ ရခိုင်သဇင် ရပြီ ဟူသော ဆိုင်းဘုတ် ချိတ်ထားလေ့ ရှိတာ သတိရပြီး ထိုနေရာသို့ သွားရပြန်သည်။
“သဇင်ပန်း ရမလားဟင်”
“ဪ သဇင်ပန်းက မှာမှ ယူလာတာ အစ်မရဲ့၊ အစ်မက ဘယ်နေ့ လိုချင်တာလဲ”
“အခုပဲ လိုချင်တာ၊ ပွဲက ညနေ သွားရမှာ”
ဒေါ်ခင်မိုးအေးက နာရီ ကြည့်လိုက်တော့ ၁၁ နာရီ ကျော်ပြီ။ မင်္ဂလာဆောင်အတွက် လုပ်စရာ နည်းနည်း ရှိသေးသည်။ ဟိုတယ်မှာ ဆောင်မှာမို့ တော်သေးရဲ့။
“ကျွန်မတို့က တစ်ရက် ကြိုမှာမှ ယူလာတာ၊ ဒီလိုလုပ်လေ အစ်မ၊ အိမ်ကို လိုက်သွားပါလား”
“အိမ်က ဘယ်မှာလဲ”
“ကမ္ဘာအေးဘုရား လမ်းမှာ၊ မဝေးပါဘူး၊ ဘော်ဒရီကွေ့တင်၊ ဘယ်ဘက် မြေနီလမ်းထဲ ကွေ့ဝင်သွား၊ ဆိုင်းဘုတ်လဲ ရှိတယ်၊ ကားနဲ့သွားရင် မကြာပါဘူး၊ ဟိုမှာ ကိုယ်ကြိုက်တဲ့အခက် လက်ညှိုထိုး ဝယ်လို့ ရတာပေါ့ အစ်မရဲ့”
ကားနှင့် သွားရင် မကြာပါဘူး ဆိုသော ဈေးသည်၏ အထင်ကြီး စကားကိုတော့ သဘောကျသား။ ကားကလည်း ပါမလာခဲ့။ သို့သော် မတတ်နိုင်။ သည်ကနေ့အဖို့ကတော့ သဇင်ပန်း ရကိုရမှ ဖြစ်တော့မည်။ ခက်ခဲလေလေ ပန်ချင်လေလေ။ ဈေးသည်က လိပ်စာ ကတ်ပြားလေး တစ်ခု ထုတ်ပေးသည်။ အပွင့်စိပ်စိပ်၊ အခက်လှလှ ရခိုင်သဇင်ပန်း လိုသလောက် ရပြီတဲ့။
ကတ်ပြားက အခံ့သား။ ဒေါ်ခင်မိုးအေးက ကတ်ပြားကို သားရေ အိတ်ကြီးထဲ ထည့်ပြီး ပြန်ထွက်ခဲ့သည်။ သဇင်ပန်းနောက် လိုက်ရဦးမည်။ ဈေးရှေ့မှာ ရပ်ပြီး လေးဘီးကားကို တားရသည်။ ဘောင်ဒရီကွေ့ကို တစ်ဆယ်တဲ့။
“ရှစ်ကျပ် ထားပါဟဲ့၊ သိပ်မဝေးပါဘူး”
“မရဘူး အန်တီ၊ ကျွန်တော်တို့က ဒီမှာ ဂိတ်ထိုးတော့ ဝင်ခတစ်ကျပ် ပေးရသေးတာ”
အရေးထဲမှာ ဒရိုင်ဘာက အန်တီတဲ့။ အချိန်က မရှိတော့သည်မို့ ထိုလေးဘီးဖြင့်ပင် လိုက်ခဲ့ရသည်။ ကမ္ဘာအေးစေတီလမ်း အတိုင်း လာပြီး သူပြောသလို ဘောင်ဒရီကွေ့နား ရောက်လာသည်။ မြေနီလမ်းထိပ်မှာပင် ရခိုင်သဇင် ရပြီ ဟူသော မြားပြထားသည့် ဆိုင်းဘုတ်ကို မြင်ရသည်။ လေးဘီးက အထဲအထိ မပို့၍ ဆင်းလျှောက်ခဲ့ရ၏။
လိပ်စာကတ်ပြားပါ ခြံနံပါတ်က အဆင့်ဆင့် မြားပြသွားသည်။ သူ့ခြံမရောက်ခင် တခြား သဇင်ခြံတွေကို ဖြတ်သန်း သွားရသည်။ လှလိုက်တဲ့ သဇင်ပန်းတွေ။ တိုင်လုံးကြီးတွေမှာ ပတ်ကာ စိုက်ထားသော သဇင်ဥတွေမှ အခက်လေးတွေ ထိုးထိုးထောင်ထောင် ထွက်နေသည်။ သဇင်ခြံကို ရောက်တော့ သူပြောသလို လက်ညှိုးထိုး ဝယ်လို့ ရပါရဲ့။ သို့သော် တစ်ခက် ဆယ့်နှစ်ကျပ်တဲ့။ အစက ငါးခက်ဝယ်မည် စိတ်ကူးသော်လည်း သုံးခက်ပဲ ဝယ်ဖြစ်တော့သည်။ ကြွားကြွားရွားရွား သုံးခက်ဆိုလည်း လှတာပါပဲ။ အပြန်မှာလည်း အငှားကားခ ရှစ်ကျပ် ပေးလိုက်ရသေးသည်။
“ဥလေးတွေကို ရေမှာ မြုပ်အောင်ထည့်၊ ရေခဲသေတ္တာထဲ ထည့်ထား ကြားလား”
မညိုသည် ဒေါ်ခင်မိုးအေး လက်မှ သဇင်ပန်းခက်လေး တွေကို လက်နှစ်ဖက်ဖြင့် တရိုတသေ လှမ်းယူလိုက်သည်။ ငှက်ပျောဖက်လေးဖြင့် ထုပ်ပြီး နှီးကြိုးပါးပါးလေး စည်းထားသည့် သဇင်ခက်လေး တွေကို ပန်းကန်ပြား တစ်ချပ်ပေါ်မှာ တင်သည်။ ဥကလေးတွေကို အရင်းမှာ ထားပြီး ရေလေး နည်းနည်းတောက်ကာ ရေခဲသေတ္တာထဲ တယုတယ ထည့်ရသည်။
ယခုတော့ မိညိုသည် စည်းကမ်းကြီးသော အလှကြိုက်သော သူ့အိမ်ရှင်မ အကြောင်းကို ကောင်းကောင်း သိနေပြီ။ အလိုက်တသိ လုပ်ပေးတတ်ပြီ။ ရောက်စကတော့ အထာမကျသေး၍ ဧည့်သည်လာလျှင် အအေး ဖျော်တာ၊ ကော်ဖီ ဖျော်တာကအစ စနစ်မကျ။ လက်သုတ်ပဝါ ချပေးဖို့ အမြဲမေ့သည်။ ဒေါ်ခင်မိုးအေး အပြင်သွားရာမှ ပြန်လာလျှင် ပိုက်ဆံအိတ် လှမ်းယူဖို့ သတိမရတတ်။ ယခုတော့ လုပ်တတ်ကိုင်တတ် အလိုက်သိတတ်လာ၍ ဒေါ်ခင်မိုးအေးက သဘောကျလာပြီ။ မိညို၏ အဖေသည် ဒေါ်ခင်မိုးအေး ခင်ပွန်း၏ ရုံးမှ ညစောင့်တစ်ယောက်။ ဒေါ်ခင်မိုးအေးကလည်း အဖော်အလှော် လိုခိုက်၊ မိညိုတို့ အိမ်မှာလည်း ကလေးတွေနှင့် မပြေမလည် ဖြစ်နေခိုက်မို့ မိညိုအဖေက မိညိုကို သည်အိမ်မှာ စိတ်ချလက်ချ အပ်နှံတော့သည်။
တစ်ခါသာ ကျဖူးသေးသော လေးတန်း စာမေးပွဲကို ဆက်ဖြေချင်သော်လည်း မိညိုကို ဥာဏ်ထိုင်းလှသည် ဆိုကာ အမေက မထားချင်တော့။ မိညိုအောက်မှာ မောင်လေးတစ်ယောက်၊ ညီမလေးနှစ်ယောက် ရှိသည်။ မောင်လေးကတော့ သုံးတန်းမှာ စာတော်လှသည်။ ညီမလေးက သူငယ်တန်း၊ အငယ်ဆုံးလေးက အမေ့ရင်ခွင်မှာ။
မိညိုက သည်အိမ်မှာ ထမင်းဝဝလင်လင် စားရသည်။ အဝတ်အစားလှလှ ဝတ်ရသည်။ ပြီးတော့ တစ်လငါးဆယ် ရသည်။ အမေက ပျော်သလောက် နေတဲ့။ လခကိုတော့ တစ်လတစ်လ အိမ်ပြန်တိုင်း အမေ့လက် အပ်ရသည်။
“မိညို တိုက်ပုံအင်္ကျီတွေ ပုဆိုးတွေလဲ မီးပူတိုက်ပြီး ဖြန့်ထားဦး”
“ဟုတ်ကဲ့”
မိညိုသည် ဒေါ်ခင်မိုးအေး လှမ်းပေးသော အင်္ကျီနှင့် လုံချည်ကို မီးပူတိုက်ရ ပြန်သည်။ သည်အိမ်မှာ အလုပ် များများစားစားတော့ မရှိပါ။ အိမ်ကလည်း တိုက်ခန်းမို့ သိပ်မကျယ်လှ။ လူကလည်း နည်းသမို့ စည်းကမ်းတကျ သပ်သပ်ရပ်ရပ် လုပ်တတ်ဖို့သာ လိုပါသည်။
ညနေဘက်မှာ ဒေါ်ခင်မိုးအေးတို့ ဇနီးမောင်နှံ မင်္ဂလာဆောင်သွားဖို့ အလုပ်များနေကြသည်။ အထူးသဖြင့် ဒေါ်ခင်မိုးအေး တစ်ယောက်တည်း အတွက်ကပဲ အလုပ်များနေခြင်း ဖြစ်သည်။ အနားမှာ စောင့်ပြီး လိုတာကို ဖြည့်ဆည်းပေးနေ ရသည်။ မှန်ကိုနောက်က ကိုင်ထားဦး။ ဆံညှပ်ပေးဦး သည်ဘက် ဖိထားဦး စသည်ဖြင့် လက်မလည်ရ။ ဆံထုံးထုံးပြီး ရှေ့နောက် ဘယ်ညာ ကြည့်နေသည်က ဆယ်မိနစ်ခန့် ကြာသည်။
“မြန်မြန် လုပ်လေကွာ၊ ဧည့်သည်တွေ မရောက်ခင် ကြိုရောက်ရမှာ”
“အင်းပါ၊ ဟဲ့ မိညို နင်က ဘာရပ်ကြည့် နေတာလဲ။ ပန်း ယူခဲ့လေ၊ သဇင်ပန်း၊ အမယ်လေး ကိုကိုရေ၊ သဇင်ပန်း တစ်ခက်ကို ဆယ့်နှစ်ကျပ်တောင် ပေးခဲ့ရတယ်၊ ကားခချည်းပဲ ဆယ့်ရှစ်ကျပ် ကုန်တယ်၊ ရှာလိုက်ရတာ လူကို ဖတ်ဖတ်ကို မောရော”
“မင်းနှယ်ကွာ၊ ဒီသဇင်ပန်း ပန်တော့ ဘယ်လောက် ပိုလှ သွားမှာမို့လဲ”
“အမယ် ကြည့်နေပါ၊ ဟိုကျတော့ သဇင်ပန်းတွေချည်း ဝေနေမှာ၊ မင်္ဂလာ သတို့သား သတို့သမီး နောက်က လိုက်ရမှာ၊ ချိတ်လုံချည်နဲ့ ပဝါနဲ့ သဇင်ပန်းနဲ့မှ ခံ့မှာပေါ့၊ ဒါတောင် ငါးခက်လောက် ပန်ချင်တာ၊ မတတ်နိုင်လွန်းလို့”
“တော်လောက်ပါပြီကွာ”
မိညိုသည် သဇင်ပန်းထုပ်လေးကို ရေခဲသေတ္တာထဲမှ တယုတယ ထုတ်ယူလာခဲ့သည်။ တစ်ခက် ဆယ့်နှစ်ကျပ်တဲ့၊ ယခုမှ မိညို ပိုပြီး စိတ်ဝင်စား သွားသည်။ ဖက်ရွက်ကို စည်းနှောင်ထားသော နှီးကြိုးလေးကို ဖြေလိုက်တော့ သဇင်ပန်းလေး သုံးခက်က နုနုရွရွ ပေါ်လာသည်။ ပထမဆုံး တစ်ခက်ကို ဒေါ်ခင်မိုးအေးက ဖြူနေသော လက်ကလေးနှင့် ယူကာ ဆံထုံးအရင်းမှာ ပန်သည်။ ဥစိမ်းစိမ်းလေးကို ဆံထုံးကြားထဲ ထိုးဝှက်လိုက်သည်။ အဖျားလေးကို အောက်သို့ ကွေးညွှတ် ကျနေစေသည်။ နောက်တစ်ခုကို အလယ်မှာ စိုက်သည်။ နောက်ဆုံး တစ်ခက်က အပေါ်မှာ။ သုံးခက်ဆင့်ပြီး ဖြူဖြူဖွေးဖွေး ကွေးကွေးညွှတ်ညွှတ် ပန်လိုက်တော့ တကယ်ပဲ လှပခံ့ညား၍ သွားလေသည်။
“ဘာငေးနေတာလဲ မိညိုရဲ့၊ မှန်ပြစမ်းပါဦး”
“ဪဟုတ်ကဲ့၊ ဟိုလေ အန်တီကသိပ်လှနေလို့ ဟင်းဟင်း”
“ခေါ်ပြန်ပြီ အန်တီ၊ မမလို့ ခေါ်ပါဆို”
“ဪ ဟုတ်ကဲ့၊ မမက သဇင်ပန်းတွေနဲ့ သိပ်လှတာပဲ”
ဒေါ်ခင်မိုးအေးသည် မိညို၏ ချီးကျူးစကားကိုပင် အားရကျေနပ်စွာဖြင့်
မှန်ကို ရှေ့နောက် ကြည့်၏။ ပြီးတော့ ပဝါကို ရွရွလေးချကာ ဒေါက်ဖိနပ်လေး ခပ်ကြွကြွစီးပြီး ခင်ပွန်းနှင့်အတူ ဆင်းသွားလေသည်။
* * *
မိညို ငါ့ခေါင်းက ဆံညှပ်တွေ ဖြုတ်စမ်း”
တကယ်တမ်း ဒေါ်ခင်မိုးအေးသည် ပန်းကြိုက်သူ မဟုတ်ပါ။ အိမ်မှာလည်း မည်သည့်အခါမျှ ပန်းပန်လေ့ မရှိပါ။ ပွဲလမ်းသဘင်မို့ ပန်သွားခြင်း ဖြစ်သည်။ ပြီးတော့ သဇင်ပန်းရယ်လို့ ပန်သွားခြင်းသာ ဖြစ်သည်။
“မြန်မြန် ဖြုတ်စမ်းဟယ်၊ ငါခေါင်းတွေ ကိုက်လွန်းလို့ ပဝါခြုံရတာလဲ အိုက်လိုက်တာ၊ လူတွေကလဲ များတော့ ငြီးစီစီနဲ့”
“ဖြစ်ရပြန်ပြီ၊ မင်းက မသွားခင်ကတော့ တစ်မျိုး”
“အို ဒါတော့ လူတောသူတော သွားရတာ၊ ဒီလိုပဲ ပြင်ရတာပေါ့”
မိညိုသည် ဒေါ်ခင်မိုးအေး၏ ခေါင်းပေါ်မှ သဇင်ပန်း သုံးခက်ကို ဦးစွာ ဖြုတ်ရလေသည်။ ဖြုတ်သည် ဆိုရာမှာလည်း အခက်လေး ကျိုးမသွားအောင်၊ အပွင့်လေးတွေ ပဲ့မသွားအောင်၊ ဥကလေးတွေ ပြုတ်မသွားအောင် သတိကြီးစွာထားပြီး ဖြုတ်ရသည်။
“ဖြုတ်စမ်းပါဟဲ့ မြန်မြန်၊ ငါ အိုက်လှပြီ”
ဒေါ်ခင်မိုးအေးက ပြောသည်။ ညနေက သဇင်သုံးခက်သည် ဒေါ်ခင်မိုးအေး၏ ဆံထုံးထက်ဝယ် အတော်လေးပဲ လှနေခဲ့သည်။ ပြီးတော့ သည်သဇင်ခက်က တစ်ခက်ကို ဆယ့်နှစ်ကျပ် တန်သည်တဲ့။ တန်ဖိုးကြီး၊ လှလည်းလှသော သဇင်သုံးခက်သည် လန်းဆန်းနေဆဲ။ မိညိုက သဇင်ပန်းတွေကို သံယောဇဉ် ကြီးစွာဖြင့် တယုတယ ယူပြီး ရေခဲသေတ္တာ ထဲမှာပြန်သိမ်းသည်။
“ငါ မပန်တော့ပါဘူး ဒီပန်းတွေ၊ အေးလေ သေသေချာချာထား၊ ပန်ချင်တဲ့သူရှိ ပေးရတာပေါ့၊ တစ်ပတ်လောက်တော့ ခံဦးမှာ”
ဒေါ်ခင်မိုးအေးက ပြောတော့ မိညို ဝမ်းသာ သွားသည်။ တစ်ပတ်လောက်တော့ ခံဦးမယ်တဲ့။
* * *
မိညိုသည် အိပ်ရာ ထသည်နှင့် ရေခဲသေတ္တာကို ဦးစွာဖွင့်သည်။ ပန်းကလေး သုံးခက်ကို ကြည့်သည်။ လှပလန်းဆန်းဆဲ ရှိသော ပန်းလေးများကို မြင်ရမှ စိတ်အေးသွားပြီး တခြား အလုပ်များကို လုပ်သည်။
ရေနွေးအိုး တည်ရသည်။ ကော်ဖီ ဖျော်ရသည်။ ပေါင်မုန့် မီးကင်ရသည်။ ထမင်းချက်ထား ရသည်။ ဒေါ်ခင်မိုးအေး ဈေးက ပြန်လာသောအခါ ဟင်းဝိုင်းချက် ရသည်။ ချက်ရင်း ပြုတ်ရင်း ဟင်းရွက်ဟင်းသီး ယူရန် ထုတ်ရန် ရေခဲသေတ္တာ ဖွင့်တိုင်း ပန်းလေးတွေကို လှမ်းကြည့်သည်။
“ဟဲ့ မိညို၊ ခရမ်းသီး ယူခဲ့ပါဆိုတာ ဘာရပ်လုပ် နေတာလဲ”
“ဪ မမ၊ ဟို သဇင်ပန်း၊ အဲ”
သဇင်ပန်းတွေကို ငေးကြည့်နေရာမှ ရေခဲသေတ္တာကို ကမန်းကတန်း ပိတ်လိုက်ရသည်။ အင်း စနေနေ့ ရောက်ဖို့ ခြောက်ရက်တောင် လိုသေးသည်။ သဇင်ပန်းတွေက အဲဒီရက်အထိ လန်းနိုင်ပါဦးမလား မိညို တွေးကာ ပူနေမိသည်။
ထိုအခိုက် ဒေါ်ခင်မိုးအေး၏ ညီမဝမ်းကွဲ ရောက်လာသည်။ သူက အိမ်မှာ ဝင်ထွက် သွားလာနေကျ၊ လိုချင်တာ ရှိလျှင်လည်း နှုတ်ချိုချိုနှင့် တောင်းတတ် ပြုတတ်သည်။
“ဘာဟင်း ချက်သလဲ မမမိုး”
“ခရမ်းချဉ်သီးနဲ့ ငါး၊ စားသွားပါလားဟဲ့”
”မစားတော့ပါဘူး မမရယ်၊ မနေ့က မင်္ဂလာဆောင် လူတော်တော် စည်တယ်နော်၊ မမကလဲ ပြင်ထားတာ လှလိုက်တာ၊ သဇင်ပန်းတွေနဲ့”
“အေးဟဲ့၊ ငါ့မှာ မနေ့က အဲဒီသဇင်ပန်းတွေ ရှာရတာ နေကိုကုန်ရော၊ တစ်ခက် ဆယ့်နှစ်ကျပ်တောင် ပေးခဲ့ရတယ်၊ ခြံအထိ လိုက်ရတာ”
“ဟုတ်လား၊ အဲဒီပန်းတွေရော မမ”
“ရေခဲသေတ္တာထဲမှာ”
ပန်းကန် ဆေးနေသော မိညို ရင်ထဲမှာ တဒိန်းဒိန်း ခုန်လာသည်။ ဒေါ်ခင်မိုးအေး၏ ညီမ စိုးစိုးကိုလည်း မုန်းတီးစိတ်တွေ ဝင်လာသည်။ ထင်သားပဲ။ သူလာကတည်းက တစ်ခုခုတော့ လိုချင်ပြီ ဆိုတာ။
“မမမိုး မပန်ရင် တစ်ခက်လောက် ပေးပါနော်”
“အေး ယူသွားလေ”
စိုးစိုးသည် ရေခဲသေတ္တာဆီသို့ လျင်မြန်စွာ လှမ်းသွားသည်။ မိညိုသည် စိတ်သောက ရောက်စွာဖြင့် လှမ်းကြည့်မိသည်။ စိုးစိုးက အလှဆုံး အကြွားဆုံး တစ်ခက်ကိုမှ ရွေးယူလိုက်လေပြီကော။
“ပြန်မယ် မမမိုး၊ အိမ်မှာလည်း ချက်တုန်း ပြုတ်တုန်း၊ ပန်းမရလိုက်မှာ စိုးလို့ လာတာ၊ တစ်ခက်တည်း ယူသွားတာနော်”
“အေးပါဟဲ့”
စိုးစိုးက ၃၈လမ်းမှာ နေသည် ဆိုတော့ သည်လိုပဲ အချိန်မရွေး လာနေကျ။ သည်တစ်ခါတော့ သူလာခြင်းကို မကျေနပ်လွန်း၊ ခါတိုင်းလို “ပြန်တော့မလား မမစိုး၊ ထမင်းစားသွားပါဦး” ဟုပင် နှုတ်မဆက်မိ။ ရေခဲသေတ္တာကို အကြောင်းရှာဖွင့်ကာ ကျန်သဇင်ပန်းနှစ်ခက်ကို နေရာတကျ ပြန်ထားရင်း ဂျိုင်းခနဲ ပြန်ပိတ်လိုက်မိလေသည်။
အိမ်ပြန်ရဖို့ သုံးရက်ပဲ လိုတော့သည်။ အမေ့ကို လခ အပ်ရမည်။ မောင်ညီမလေးတွေနှင့် တွေ့ရမည်။ သည်တစ်ခါ ထူးထူးခြားခြား ပြောစရာလေးတွေ ရှိလိမ့်ဦးမည်။
ရေခဲသေတ္တာကို ဖွင့်သည်။ အသားတွေကို နေရာတကျ ထည့်သည်။ ကြက်ဥတွေကို စီသည်။ ရေပုလင်းတွေ ဖြည့်သည်။ သဇင်ပန်းလေး နှစ်ခက်ကို အရိပ်ကြည့်သည်။
“ဟဲ့ မိညို၊ နင် ဘာလုပ်နေလဲ၊ ပေးစမ်း ငါ့ကို ရေတစ်ပုလင်းလောက်”
မည်သည့် အချိန်က အိမ်ထဲ ရောက်လာသည် မသိ၊ ဒေါ်ခင်မိုးအေး၏ သူငယ်ချင်း မမနိုင်က ထုံးစံအတိုင်း စွာစွာစွာစွာဖြင့် သူ့အနား ရောက်လာသည်။ မိညို လက်က သဇင်ပန်းတွေကို နေရာရွေ့ဖို့ သတိရသော်လည်း နောက်ကျခဲ့ပြီ။
“ဟယ် သဇင်ပန်းတွေ လှလိုက်တာ၊ မိုးပန်ဖို့ ဝယ်ထားတာလား”
ဒေါ်ခင်မိုးအေးက လျှော်ထားသော ဆံပင်ကို မျက်နှာသုတ် ပဝါဖြင့် ပွတ်ရင်း ခေါင်းခါသည်။
“မပန်ဘူး၊ ပွဲရှိမှ ပန်တာ၊ ဟိုစနေက တူတော်မောင်ရဲ့ မင်္ဂလာဆောင်လေ၊ ဆံထုံးနဲ့မှ ခံ့မှာမို့ အချိန်မီ ဝယ်ပန်လိုက်ရတာ”
မမနိုင်က သဇင်ပန်း နှစ်ခက်ကို ဆတ်ခနဲ ဆွဲယူသည်။ မိညို၏ အသည်းဖျားမှာ လှုပ်ခါသွားသည်။ တစ်ခက်နှင့် တစ်ခက် နည်းနည်းငြိ နေသည်ကို ဂရုမစိုက်ဘဲ အခက်ကြီးကြီးကို လှမ်းဆွဲသည်။ ပြီးတော့ ဆံထုံးမကျ၊ ဆံတိုမကျ သူ့ဆံပင်ကြားကို ထိုးစိုက်လိုက်လေသည်။
“မိညို နင့်မှာ ကလစ်ရှိရင် တစ်ချောင်းလောက်”
မိညိုသည် မျက်နှာ မသာမယာဖြင့် မရှိဘူးဟု ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။
“ရော့ ရော့ ဒီမှာယူ”
ဒေါ်ခင်မိုးအေးက ဆံညှပ်တစ်ချောင်း ရှာပေးသည်။ မမနိုင်က သဇင်ခက်ကို ခပ်ထောင်ထောင် ထားကာ ဆံညှပ်ဖြင့် ဖိလိုက်သည်။ ပြီးတော့ ထုံးစံအတိုင်း သူတို့ သူငယ်ချင်း နှစ်ယောက် ရောက်တတ်ရာရာ အတင်းအဖျင်း ပြောကြသည်။ ထမင်းစားကြသည်။ မိညိုမှာ လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းလုပ်ကိုင် ပေးရသော်လည်း စိတ်က မရွှင်။ သဇင်ပန်းက တစ်ခက်ပဲ ကျန်တော့သည်။ အလွယ်တကူ မမြင်သာအောင် အတွင်းဘက်ကို ဘာကြောင့် တွန်းမထားမိပါလိမ့်။ အောက်ဆင့်ကို ပြောင်းထားလျှင်လည်း မြင်နိုင်မည် မဟုတ်။ ခုတော့။ သည်တစ်ခါတော့ လူတွေလစ်သည်နှင့် မိညိုသည် ကျန်သဇင်လေး တစ်ခက်ကို အောက်ဆင့် အတွင်းဘက် ကျကျကို ပို့ထားလိုက်တော့သည်။ ဒေါ်ခင်မိုးအေးသည် ပန်းကိုကြိုက်သူ မဟုတ်။ သူ့ဂုဏ်ဒြပ်အတွက် လိုက်ဖက်အောင် ပန်ခြင်းသာဖြစ်သည်။ ပန်းကိုမတွေ့ရလည်း ပြဿနာ မရှိ။ အခြားသူတွေ မတွေ့ဖို့သာ အရေးကြီးလေသည်။
သည်နေ့ အိမ်ပြန်ရတော့မည် ဆိုတော့ မိညို ပျော်သည်။ ဒေါ်ခင်မိုးအေး လက်ထဲမှ ငွေငါးဆယ်ကို တရိုတသေ လှမ်းယူသည်။
“ရော့ ဘတ်စ်ကားခ အကြွေ ယူသွားဦး”
“ဟုတ်ကဲ့”
“အရင်တပတ်က သူများလာပေးတဲ့ ပဲကြမ်းကြော်တွေ ရှိတယ်၊ ဒီမှာဘယ်သူမှ မစားဘူး၊ နင့်မောင်လေးတွေ စားဖို့ယူသွား”
“ဟုတ်ကဲ့”
“နင့်အမေဖို့ လုံချည်ဟောင်း တစ်ထည် ပေးလိုက်တယ်၊ မနက်ဖြန်စောစော ပြန်လာ သိလား၊ ညနေစာ နင်ပြန်လာမှ ချက်ရမှာ”
“ဟုတ်ကဲ့ပါ”
“အေး သွားတော့၊ ကားပေါ်မှာ ခါးပိုက်နှိုက်လဲ သတိထားဦး”
မိညိုသည် တုံ့ဆိုင်းဆိုင်း ဖြစ်နေသည်။ ဒေါ်ခင်မိုးအေး မျက်နှာကို မော့ကြည့်သည်။ ဒေါ်ခင်မိုးအေးသည် တစ်ခါတစ်ရံ စိတ်တိုင်းမကျလျှင် အော်တတ် ငေါက်တတ် သည်ကလွဲ၍ ရက်ရောတတ်သူ ဖြစ်ပါသည်။
သူအရဲစွန့်ပြီး လည်ချောင်း ရှင်းလိုက်သည်။
“ဟဲ့ မသွားသေးဘူးလား၊ တော်ကြာ ကားတွေ ကျပ်နေမယ်”
“ဟို ဟို မမဆီက ကျွန်မ တောင်းချင်တာလေး ရှိလို့”
“ဟဲ့ ဘာတုံး”
မိညိုက ရေခဲသေတ္တာဆီ လက်ညှိုးထိုးပြသည်။
“သဇင်ပန်းလေးပါ မမ”
“ဟင် သဇင်ပန်းက ရှိသေးလို့လား”
“တစ်ခက် ကျန်သေးတယ် မမ”
“နေပါဦး၊ နင်က ဘယ်နား သွားပန်မှာလဲ၊ ဆံပင်ဖြင့် မရှိဘဲနဲ့”
မိညို၏ ဆံပင်က တစ်မိုက်လောက်သာ ရှိသည်။ မိညို ရယ်နေသည်။
“ကျွန်မ အမေကို ပေးချင်လို့ပါ၊ အမေက ပန်းသိပ်ကြိုက်တယ်၊ ဘာပန်းတွေ့တွေ့ ကောက်ပန်တာပဲ၊ ဆယ့်နှစ်ကျပ်တန် ဆိုတဲ့ သဇင်ပန်းကို ပန်ရရင် အမေ သိပ်ဝမ်းသာမှာ”
ဒေါ်ခင်မိုးအေးသည် စိတ်ရှုပ်ထွေးသွားဟန် ရှိသည်။
“ယူသွား ယူသွား”
မိညိုသည် ရေခဲသေတ္တာဆီ လျင်မြန်စွာ လှမ်းသွားသည်။ သူ တယုတယ
လျှို့ဝှက်သိမ်းဆည်း ထားရသော နောက်ဆုံး သဇင်ပန်းကလေး တစ်ခက်ကို ယူသည်။ ပေါ့ပါးရွင်လန်းစွာဖြင့် အိမ်ပြန်ခဲ့လေသည်။
ယခင်တစ်ခါ အမေ့ကို ပြောဖူးသည်။ အန်တီဝတ်တဲ့ လုံချည်က တစ်ထောင်ကျော် တန်သည် ဆိုတော့ အမေက မယုံဘူးတဲ့၊ ဘယ်လိုဟာမျိုး မို့လဲတဲ့။ မိညိုက သူ့အမေနှင့် သက်တူရွယ်တူ ဖြစ်သော ဒေါ်ခင်မိုးအေးကို ကွယ်ရာမှာ အန်တီပဲ ခေါ်သည်။ အမေကလည်း ကိုယ့်ထက် အသက်ကြီးသည့် ကျေးဇူးရှင်ကို ရိုရိုသေသေ ခေါ်ရမည်တဲ့လေ။ ဆယ့်နှစ်ကျပ် တန်သည့် ပန်းကို သုံးခက်တောင် တစ်နေ့တည်း ပန်ပြီး ပစ်ထားလိုက်သည် ဆိုလျှင် အမေက ယုံမည်မဟုတ်။ သည်တစ်ခါ လက်တွေ့ ပြလိုက်မည်။ ပြီးတော့ အမေ့ကို ပန်စေမည်။ ပန်လျှင် သုံးရက်လောက်တော့ ပန်ရမှာပဲ။ ဥကလေးက စိမ်းစိုနေသေးသည်။ ပိုက်ဆံကိုလုံချည်ခေါက်ကြားမှာ ညှပ်လျက် ချိုင်းအောက်မှာ ထားပြီး ဖက်ရွက်လေးနှင့် ထုပ်ထားသည့် ပန်းကိုတော့ လက်က ကိုင်ထားရသည်။
ကားကလည်း ကျပ်လိုက်တာ လွန်ပါရော။ လူတွေကလည်း တိုးလိုက်တာ။ သဇင်ပန်းကို ကာကွယ်ရသည်မှာ အမော။ ဆင်းရမည့် မှတ်တိုင် ရောက်တော့ အောက်ကလူတွေ တိုးမတက်ခင် မြန်မြန် ခုန်ချရသည်။ ဟောတော် သဇင်ပန်းကလေး လွင့်စဉ်သွားပါပကော။
“ဟယ် ဒီကောင်မလေး သေချင်လို့၊ ရပ်မှဆင်းလို့ ပြောနေတဲ့ဟာ”
စပယ်ယာ၏ ထောမနာပြုသံကို ဂရာမစိုက်အား၊ ခြေထောက်တစ်ဖက် မျက်ခနဲ ဖြစ်သွားသည်ကိုလည်း နာဖို့ သတိမရပေ။ သဇင်ပန်းခက်ကို အမောတကော ရှာဖွေရသည်။
လမ်းပေါ်က လူအုပ်ကြီးက ကားပေါ် ရောက်သွားသည်။ ကားပေါ်က ဆင်းလာသည့် လူတွေကလည်း ကျောခိုင်း ထွက်သွားကြပြီ။ ကားက ဝူးခနဲ မောင်းထွက်သွားသည်။
မိညို တစ်ယောက်တည်း ငိုင် ကျန်ရစ်သည်။ သဇင်ပန်းခက်နှင့် ဝင့်ထည်နေသော အမေ့မျက်နှာကို မြင်ယောင်၏။ သို့သော် သဇင်ပန်းခက်လေးက ကားဘီးအောက်ဝယ် တစ်စစီ ပျောက်ကွယ်ခဲ့ပြီကော။
မိုးမိုး (အင်းလျား)
လုံမလေး၊ မေ၊ ၁၉၈၅
#လင်းသဲ့မွန် မှ
ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်…
ခိုင်နီလာမောင် မှ