ကောင်းကင်မပါသောည
__________________________ ဂျူး
(၁၉၈၉၊ ဇန်နဝါရီလ၊ ချယ်ရီမဂ္ဂဇင်း)
—
အနက်ရောင် ဆိတ်ငြိမ်ခြင်းသည် အမြင့်တနေရာဆီမှ လျင်မြန်စွာ နိမ့်ဆင်းပြိုကျလာတော့မည်။
သေမင်းသည် ၀တ်ရုံတခုရုံလွှမ်းခြုံထားသည်ဆိုလျှင် ထို၀တ်ရုံသည် အနက်ရောင်ပဲဖြစ်ရမည်။ သေမင်းသည် စိတ်ရှည်၏။ ဇွဲနပဲကြီး၏။ ထို့အပြင် ကျီစယ်တတ်သေး၏။ နောက်မှာတစုံတရာက လိုက်လံချောင်းမြောင်းနေသလို စိတ်က ထင်လာသည့်အခါ နောက်လှည့်ကြည့်လိုက်၊ ထိုတစုံတရာကို ဘယ်တော့မှ တွေ့ရမှာမဟုတ်။ ၎င်းသည် လျင်မြန်ပါးနပ်သည်။ ခြေသံလုံသည်။
တရွတ်ဆွဲသံပင် မကြားရ။ လိပ်ပြာမသန့်အောင်သာ ထိုအရာက တိုးတိတ်စွာ ခြောက်လှန့်လျက် ရှိသည်။ မိမိလာရာ လမ်းတလျှောက် အလွန်သတိကြီးစွာ၊ ဥာဏ်ပညာကြီးစွာဖြင့် ထောင်ချောက်များ၊ ခလုတ်များ တပ်ဆင်ထားခဲ့ပါ။ ဤနည်းဖြင့် ထိုအရာသည် မိမိနောက်မှာ နှစ်ပေါင်းများစွာ ကျန်နေခဲ့မည်ဟု စိတ်ချလက်ချ မယုံကြည်လိုက်လေနှင့်။ ထိုအရာသည် နောက်နား ခပ်ကျကျမှ ထပ်ကြပ်မကွာ လိုက်ပါလာပါမှာပါပဲ။
တခါမှာတော့ (သူ့၀တ်ရုံဟုထင်ရသည်) စိုစွတ်ထိုင်းမှိုင်းသော အ၀တ်အထည် တခုခုက ဆံစ သို့မဟုတ် လည်ကုပ်ကို လာထိသည်ကိုပင် ခံစားရလိမ့်မည်။ ထိုအခါ ကြက်သီးဖြန်းခနဲ ထသွားလျှင် ကြောက်ရွံ့မှုကြောင့် ဖြစ်မည်။ ကျွန်မ ကြောက်ရွံ့စွာ တွေးဝေနေခဲ့သည်။ ကြောက်ရွံ့မှုတွင် အချိန်ကာလ ရှိ၏။ အနီးအဝေးလည်း ရှိ၏။ ကျွန်မတို့သည် ကြောက်ရွံ့ခြင်းကို ဘယ်တုန်းကမှ စာတစောင် ပေတဖွဲ့ ရေးစပ်ဖို့ စိတ်မကူးခဲ့ကြပေ။
သို့သော် လောကတွင် အရေးကြီးသည်ဟု ထင်ရသော အရာမှန်သမျှ ကြောက်ရွံ့မှုဖြင့် အခြေခံသည်။ အိပ်(က်)(စ်) ရောင်ခြည်ဖြင့် ဓါတ်မှန်ရိုက်ခြင်းသည်လည်း ကြောက်ရွံ့မှုကြောင့် ဖြစ်သည် လျှပ်စစ်ဖြင့် နှလုံးတိုင်းထွာ၍ ဂရပ်ဖ်ဆွဲခြင်းသည်လည်း ကြောက်ရွံ့မှုကြောင့် ဖြစ်သည်။
ပဋ္ဌာန်းဒေသနာတော်သည်လည်းကောင်း၊ ပရိတ်တရားတော်သည် လည်းကောင်း၊ ကြယ်တာရာဆွေးနွေးပွဲသည် လည်းကောင်း၊ ရေကျာဗစ် ဆွေးနွေးပွဲသည်လည်းကောင်း၊ တာလတ်ပစ်နျူကလီးယားဒုံးပျံများ ဖျက်သိမ်းရေး စာချုပ်သည်လည်းကောင်း ကြောက်ရွံ့မှုနှင့် သက်ဆိုင်သည်။ ကြောက်ရွံ့မှုကြောင့်ပင် သေမင်းနဲ့ ဝေးခဲ့ကြသည်။ ကြောက်ရွံ့မှုကြောင့်ပင် သေမင်းနှင့် နီးခဲ့ကြသည်။
ကျွန်မတို့သည် ယခုချက်ချင်း မိမိအပေါ် ကျရောက်လာနိုင်သော သေမင်းအန္တရာယ်များအကြား ဖန်တီးထားသော ကြေကွဲမှုများ အကြား လုပ်ကြံရယူထားသော ပိဋိသန္ဓာရစကားများအကြားတွင် တစုံတခုကို အမြဲမျှော်လင့်နေခဲ့သည်။ ဤအရာကိုမရမီက ကျွန်မသည် ဤအရာကိုမျှော်လင့်ခြင်းဖြင့် အသက်ရှင်နေသည်ဟု ထင်ယောင်ထင်မှား ဖြစ်ခဲ့သည်။ သို့သော် ဤအရာကို ရပြီးသည့်နောက်တွင် ကျွန်မသည် ထိုအရာကို ထပ်မံမျှော်လင့်ပြန်သည်။
ကမ္ဘာပေါ်တွင် လူသည် အလွန်လောဘကြီးပါသည်။ ကျွန်မတို့အားလုံး လောဘတကြီး ဖက်တွယ်ဆုပ်ကိုင်ထားသော ဤနေရာတွင်တော့ ညည်းတွားသံများ၊ အော်ဟစ်သံများ၊ စိတ်ပျက်အားလျော့ခြင်းများ၊ သည်းမခံနိုင်သော ဒုက္ခဆင်းရဲများစွာ ရှိသည်။ ဤ ဒုက္ခများအကြားတွင် ရွှေရောင်လက်သောဦးနှောက်၏ ဘာမှ အသုံးမ၀င်ခြင်းအဖြစ်ကိုလည်း ကျွန်မ သိခဲ့ပြီ။ နုနယ်ပျိုမျစ်ခြင်းနှင့် အိုမင်းရင့်ရော်ခြင်း အကြားက ခြားနားမှု ပါးပါးလွှာလွှာကလေးကိုလည်း ကျွန်မ ဖြတ်ကျော်ခဲ့ပြီးပြီ။ မြစ်သည် မြောက်မှတောင်သို့ စီးဆင်း၏ လို့ ပထဝီမှာ သင်ရသော်လည်း ပြောင်းပြန်စီးသောမြစ်များ အကြောင်း ကြားဖူးပြီ။ ရက်ရောမှုသည် နောက်ဆုံးတွင် မနိုင်မနင်းဖြစ်မှုနှင့် အဆုံးသတ်လေ့ရှိကြောင်း ကျွန်မ သိခဲ့ပြီ။
ဦးနှောက်ကိုဖောက်စားရုံမျှမက ဦးခေါင်းခွံထဲမှာ အုံကျင်းဖွဲ့၍ နေတတ်သေးသော ပင့်ကူများ အကြောင်းကိုလည်း ကျွန်မ သိခဲ့ပြီ။ ကျွန်မလက်တွေကပဲ တိုလွန်းနေတာလား၊ မမီမကမ်း ဖြစ်ခဲ့ရသော ချစ်ခြင်းမေတ္တာနှင့်လည်း လွဲခဲ့ရဖူးပြီ။ ကျွန်မမျက်နှာသို့ လာ၍စဉ်သော မနာလိုစကား အပိုင်းအစများကိုလည်း ထုံထိုင်းစွာ ခံစားသိရှိခဲ့ရပြီးပြီ။ ယခုချိန်တွင်မနက်ဖြန်ဆိုသော စကားလုံး၏ အရသာကိုပင် ကျွန်မ မသိတော့ပါ။
ကျွန်မသွားတော့မည်။ ပြတ်သားမှ ဖြစ်တော့မည်ဟု သတိရမိလိုက်သော အချိန်တိုင်းတွင် မပြတ်သားမှုများစွားဖြင့် လေးလံပိကျနေသော ခန္ဓာကိုယ်မှာ လှုပ်ရှားရန် မလွယ်ကူတော့ချေ။ တွေဝေခြင်းသည် ကြောက်မက်ဖွယ်ရာ ချိုမြိန်လှသည်။ ကျွန်မ သွားမှ ဖြစ်မည်။ တောင်အရပ်သို့သွားသည်ဖြစ်စေ၊ မြောက်အရပ်သို့သွားသည်ဖြစ်စေ အရေးကြီးသည်မှာ ဤနေရာတွင် ကျွန်မ မရှိဖို့သာ ဖြစ်သည်။ မိုးသည်းသောည မဟုတ်။ နှင်းဝေသောည မဟုတ်။ ရင်ခုန်နေသောညလည်း မဟုတ်။ လ၀န်း မရှိ။ ကြယ်တာရာများ မရှိ။ နေရောင်ခြည် လရောင်ခြည်များ၊ လောက၏ ချိုစိမ့်မှုများ၊ မိန်းမူးဖွယ်ရာ အောင်မြင်မှုများကို ရနိုင်သလောက် ညှစ်နုတ်၊ ခြစ်ထုတ်သော သွေးအေးအေးနှင့်ညသာ ဖြစ်သည်။
စမ်းရေစီးသံ မကြားရ၊ နာရီစက်သံ မကြားရ။ ညငှက်တို့၏ အတောင်ပံခတ်သံပင် မကြားရ။ သစ်ရွက်သစ်ခက်တို့၏ တီးတိုးသံပင်လျှင် မကြားရ။ အခုလိုညမျိုးသည် တခုခုကိုဆုံးဖြတ်ဖို့၊ အဆုံးသတ်ဖို့ အသင့်တော်ဆုံးည ဖြစ်သည်။ ကျွန်မ ဘာကို စိုးရိမ်ကြောင့်ကြနေသနည်း။
ကန္တာရပင်အကိုင်းအဖျားမှာ ကြာမြင့်စွာ တွဲလွဲချိတ်ထားခံရသောကြောင့် အရောင်မှိန်ပျက်လျက်ရှိသော သစ္စာစကားများ၊ မဖွပ်လျှော်ဘဲ အဖန်တလဲလဲ သုံးခံရသဖြင့် ညစ်နွမ်းပျော့ဖတ်နေသော လောက၀တ္တရားများ၊ ရောဂါပိုးများ၊ ပြင်းပြလှိုက်မောနေသော အသက်ရှူသံများ၊ ဘယ်တော့မှ လိုအင်ဆန္ဒ မပြေပျောက်နိုင်သော ငတ်မွတ်မှုများ။
အားလုံးအပေါ်တွင် နောက်ဆံတင်းဖို့ မလိုပါ။ ဘယ်လိုအရာမျိုးကြောင့်မှ ပျော်ရွှင်မှုကို မရခဲ့သူ ကျွန်မအတွက် လောကကြီး၏ ဟဒယရွှင်ဆေးများက မတိုးတော့ပါ။ လူတယောက်အတွက် အရေးကြီးဆုံးသော ပညာမှာ ရယ်မောတတ်ဖို့ မဟုတ်။ မေတ္တာထားတတ်ဖို့လည်း မဟုတ်။ သေတတ်ဖို့သာ ဖြစ်ပါသည်။ ကျွန်မ ဘယ်လိုသေသွားမလဲ။
ဟိုစဉ်တုန်းကတော့ သေမင်းက ကျွန်မ မသိအောင် တိုးတိတ်စွာ ချဉ်းကပ်လာပြီး ဝါးခနဲ ခြောက်လှန့်ဆွဲခေါ်သွားလိမ့်မည် ဟု ထင်ခဲ့သည်။ ယခုလို ကျွန်မဆီ လာနေမှန်း သိသိကြီးနှင့် ရှောင်တိမ်းပုန်းအောင်းရင်း သူ့ခြေသံကို နားစွင့်နေရလိမ့်မည်ဟု မထင်ခဲ့ပေ။
ကျွန်မနှင့် သေမင်း အကြားတွင် ပိတ်ထားသော တံခါးတချပ်သာ ခြားလျက် ရှိတော့သည်။ အခုမှတော့ လပြည့်၀န်းလည်း မလာနှင့်တော့။
စကားနည်းနည်းပြောပြီး အမှားများများလုပ်တတ်သူ၊ ရက်ရောလွယ်သော်လည်း မက်မောရန် နှလုံးသား ဆိတ်သုဉ်းသူ၊ မျက်ရည်ကို နှမျောတွန့်တိုသူ၊ အလုပ်နှင့်ငွေအကြား ဆက်သွယ်မှု၊ ၀င်ငွေနှင့် ထွက်ငွေအကြား ကိန်းဂဏန်း အပေါင်းအနှုတ်များကို မနိုင်မနင်း မကျွမ်းကျင်သူ၊ ငယ်စဉ်က ပထဝီဘာသာရပ် သင်ရစဉ် မြန်မာနိုင်ငံမြေပုံကိုဆွဲတိုင်း ဧရာ၀တီမြစ်ကို ဘင်္ဂလားပင်လယ်အော်ထဲ၀င်သည့် အဆုံးပိုင်းမှ မေခ၊ မလိခ မြစ်နှစ်သွယ်ဆုံရာ အစအထိ အောက်မှအထက် ပြောင်းပြန် ဆွဲလေ့ရှိသူ၊ ပုံပန်းသဏ္ဌန်ကြည့်တော့ ပါးလှစ်မလိုလိုနှင့် ထူအ,လှသူ၊ အသံထွက်မှန်အောင်ပင် နာမည်မခေါ်တတ်သော ပြင်သစ်ရုပ်ရှင်မင်းသား၏ ဓာတ်ပုံကို ညစဉ်နမ်းပြီးမှ အိပ်ပျော်လေ့ရှိသူ၊ ချစ်ခြင်းမေတ္တာကို လောင်းကစားတခုအဖြစ် သဘောထားကာ ရှိသမျှစည်းစိမ် အကုန် လောင်းကြေးတင်ရင်း ရှုံးခဲ့သူ။ အဲဒီလို ခပ်အူအူမိန်းမအဖြစ် လူနေမှုဘဝဗေဒထဲသို့ အံစာတုံးတခုလို ကြဲချခံလိုက်ရသောအခါ ကံကြမ္မာဆိုတာက ဘက်လိုက်တတ်သော ဒိုင်လူကြီးတဦးပဲ ဖြစ်ခဲ့သည်။
ကိုယ့်သေမင်းကို မမြင်ဘူးလိုက်ပဲနဲ့ ကျွန်မ မသေချင်ပါ။ သေမင်းသည် ဘယ်လိုရုပ်ရည်မျိုး ဘယ်လိုပုံသဏ္ဌန်မျိုး ရှိပါသနည်း။
ငယ်စဉ်က ကျန်းမာရေးဆေးခန်းသို့ မကြာခဏ သွားရဖူးသည်။ ဆေးပေးခန်းနံရံမှာ ချိတ်ထားသော ပိုစတာတခုသည် ကျွန်မ၏ အိမ်မက်ထဲထိ လိုက်ပါခြောက်လှန့်ခဲ့သည်။
ကျောက်ရောဂါဖြစ်ပွားနေသော ကလေးငယ်တဦး (ထိုစဉ်က ကျွန်မအရွယ်ခန့်)ကို သူ့မိခင်၏လက်ထဲမှ ဇွတ်အတင်း လုယူဆွဲခေါ်သွားသော သေမင်း၏ ပုံဖြစ်လေသည်။
ကလေးသည် လက်ပိန်ပိန်၊ ခြေထောက်ပိန်ပိန်နှင့် ဗိုက်ပူကလေးဖြစ်ပြီး သူ့တကိုယ်လုံး ကျောက်အနာဖုများဖြင့် ပြည့်လျက် ရှိ၏။ သေမင်းသည် ၀တ်ရုံမည်းမည်းကြီးကို တရွတ်ဆွဲ၀တ်ထားပြီး အရိုးချည်းသက်သက်လက်ထဲမှာ လက်ကိုင်တုတ်လိုလို နှင်တံလိုလို တုတ်ချောင်းတခု ပါ၏။ သေမင်း၏ မျက်နှာမှာတော့ အရိုးခြောက်မျက်နှာဖြစ်ပြီး ခေါင်းထက်မှာ အရုပ်ဆိုးလှသော ၀က်ရုံမည်းကြီးက ဖုံးလွှမ်းထားခဲ့သည်။ သေမင်း၏ နောက်ခပ်ဝေးဝေးမှာတော့ သင်္ချိုင်းကုန်းတခုကို မှုန်ပျပျမြင်နေခဲ့ရသည်။
နောက်နှစ်ပေါင်းများစွာအထိ ထိုသေမင်း၏ရုပ်ပုံသည် ကျွန်မအာရုံတွင် စွဲထင်နေခဲ့သည်။ ကုသိုလ်ဇနကကံ၊ အကုသိုလ်ဇနကကံ၊ ကုသိုလ်ကမ္မာနိမိတ်၊ အကုသိုလ်ကမ္မာနိမိတ်၊ ကုသိုလ် ဂတိနိမိတ်၊ အကုသိုလ် ဂတိနိမိတ် မည်သည့်ကံဖြင့် မည်သည့်နိမိတ်ထင်၍ သေသည်ဖြစ်စေ သေသည်၏အခြားမဲ့၌ ဘာတွေဖြစ်နိုင်သနည်းဟု ကျွန်မ စိတ်မ၀င်စားပါ။
မရဏသန္နဇော၀င်နေချိန်၌ ကျွန်မ၏အာရုံတွင်ဘာတွေထင် မြင်လာနိုင်သည်ဟု ကျွန်မ ဘယ်နှယ်လုပ် ကြိုတင်သိနိုင်မည်နည်း။ နှင်းဆီဥယျာဉ်များ၊ ပိတောက်ပန်းများ၊ ကြည်လင်အေးမြသော်လည်း နက်ရှိုင်းသောရေအိုင် စသည်တို့ကိုသေအံ့မူးမူး မြင်မိလျှင်တော့ ကောင်းရာသုဂတိ လားရမည့် နိမိတ်ပဲ။ မီးတောက်မီးလျှံများ၊ မီးခိုးများ၊ ကျွဲနက်ကြီးများ၊ ဆင်မည်းကြီးများ နောက်က လိုက်နေပါသဖြင့် ပြေးလွှားနေရသည်ဟု သွေးရူးသွေးတန်း ထင်မြင်စွာ မောပန်းတုန်လှုပ်ရလျှင်တော့ မကောင်းသော အကုသိုလ်ဂတိ နိမိတ်ပဲ။ ဘာပဲဖြစ်ဖြစ် မရဏသန္နဇောတွင် တဝီထိမျှလောက်သော အသက်ကြွင်းကျန်နေသည့်အချိန်သို့ ရောက်လျှင် သေခြင်းက အလွန်နီးကပ်လျှက် ရှိပြီ။
ထို့နောက် သာမန်လူများတွင် တဝီထိလျှင် ဇောခုနစ်ကြိမ် ရှိသော်လည်း ကျွန်မမှာတော့ ဇောငါးကြိမ်သာ ရှိတော့မည်။ ထို့နောက် ကျွန်မ သေမည်။ အလွန်ရှင်းလင်းပြတ်သားသော သေခြင်းတရား ဖြစ်ပါသည်။
ခက်နေသည်မှာ ကျွန်မ အလွန်စိတ်ရှည်တတ်သူ ဖြစ်ပါလျှက် ယခုအချိန်တွင် အလွန်စိတ်မရှည်နိုင်တော့ခြင်းပင် ဖြစ်၏။ ခပ်ဝေးဝေးမှ ၀တ်ရုံစ တရွတ်ဆွဲသံနှင့်အတူ တိုးတိတ်သော ခြေသံဖွဖွကို ကျွန်မကြားနေရပါလျက် သူ ဘာဖြစ်လို့ ကျွန်မ၏တံခါးကို ချိုးဖျက်၍ ၀င်မလာသေးသလဲ။
အေးစက်နေသောည၏ မျက်နှာပြင်ပေါ်မှာ ယခုအချိန်အထိ ကျွန်မ မတ်မတ်ရပ်နေခြင်းသည် လောကကို ပြစ်တင်မောင်းမဲရန် မဟုတ်၊ မျက်ရည်ခံထိုးတောင်းပန်ရန်လည်း မဟုတ်၊ မျက်နှာချိုသွေးနှစ်သိမ့်ရန်လည်း မဟုတ်။ လောကကို လောင်းကစားတခုကဲ့သို့ အနိုင်ပိုင်းသွားရအောင်လည်း ကျွန်မမှာ အောင်နိုင်ခြင်းဆိုတာ မရှိခဲ့ပါ။ သို့သော် ယခုအချိန်ထိ မည့်သူ့ကိုမှ မပြရသေးသော ဝှက်ဖဲတချပ် ကျွန်မမှာ ရှိသေးသည်။
ကျွန်မ၏ စာများကို ဝေဖန်ရေးဆရာများ၊ မတောက်တခေါက် ဝေဖန်သူများ သူတို့အားလုံး ကော်ဖီနှင့် စိမ်သောက်ရန် ရေးခဲ့ခြင်းလည်း မဟုတ်၊ အနုပညာလောက မြင့်မားတိုးတက်ဖို့ဘာညာ ကျွန်မ မရည်ရွယ်ခဲ့ပါ။ ထို့ကြောင့် ဘာရည်ရွယ်ချက်နဲ့ စာရေးတာလဲ ဟု မေးလာသောအခါ ကျွန်မ အိုးနင်းခွက်နင်း ဖြစ်သွားခဲ့ရဖူးသည်။ ကျွန်မသည် စာမရေးဘဲ မနေနိုင်၍ ရေးခြင်းသာ ဖြစ်ကြောင်း၊ ကျွန်မ၏ဦးနှောက်နှင့် နှလုံးအိမ်ကို အလိုလိုက်သော လက်၏ ဖန်တီးမှုသက်သက်သာ ဖြစ်ကြောင်း ကျွန်မ မည်သူ့ကိုမှ ဖွင့်မပြောခဲ့ပါ။
ည၏ထောင့်ချိုးများတွင် ကောင်းကင်ဆီမှဖြာကျလာသော အလင်းရောင်ဖြင့် တခါတရံ ပြိုးပြက် ၀င်းလက်သွားတတ်သော်လည်း ဘ၀ဆိုသည်မှာ ကြယ်ရောင်လက်သော ညတည မဟုတ်ခဲ့ပါ။
—
#ဂျူး
#ကောင်းကင်မပါသောည
#shared_by_louis_augustine
#sbla မှတဆင့်
ချစ်ခြင်းများစွာဖြင့်
စွယ်တော်ရွက်