၅၅၀၁၃
———————မင်းလူ
မနက် ခြောက်နာရီထိုးသောကြောင့် နှိုးစက်မြည်သည်ဟု ထင်လိုက်သည်။ မဟုတ်ချေ။ အသံ
ပြန်ရပ်သွားသည်။ နောက်တစ်ခါ ထပ်မြည်ပြန်သည်။ ထိုအခါကျမှ တယ်လီဖုန်းလာနေကြောင်း သိရ၏။
လူးလဲထလိုက်သည်။ တယ်လီဖုန်းဆီ ပြေးသည်။ ညကြီးမင်းကြီး ဖြစ်သောကြောင့် တစ်ခုခု
အရေးကြီးလိမ့်မည်ဟု ထင်လိုက်သည်။ ကျွန်တော်၏ အိပ်ခန်းမှ တယ်လီဖုန်းထားရာ ဧည့်ခန်းအထိ
သွားရသောကြောင့် လေးငါးကြိမ် အသံမြည်ပြီးမှ ရောက်သည်။ ဖုန်းကို ကောက်ကိုင်လိုက်၏။
“ဟုတ်ကဲ့.. ပြောပါခင်ဗျာ”
တစ်ဖက်မှ ဘာမှမပြော၊ နောက်တစ်ကြိမ် ဟုတ်ကဲ့လိုက်တော့မှ….
“ဟက်ပီး နယူးရီးယား”
ဖုန်းပြန်ချသွားသည်။ မီးခလုတ်ကို ဖွင့်ပြီး တိုင်ကပ်နာရီကို လှမ်းကြည့်ရသည်။ ညဆယ့်နှစ်နာရီနှင့်
ဆယ်မိနစ်။ ခုမှ သတိရသည်။ ဒီဇင်ဘာ ၃၁ ရက်နှင့် ဇန်နဝါရီ ၁ ရက်အကူး နှစ်သစ်ကူးခါစအချိန်။
ဒီအတိုင်းဆိုလျှင် ပြန်အိပ်လို့ မဖြစ်သေး။ နောက်ထပ် နှစ်ဦးသုံးဦးလောက်တော့ ထပ်ဆက်ကြလိမ့်မည်
ထင်သည်။ ကျွန်တော် ပြန်အိပ်လိုက်လို့ နောက်တစ်ခါ ဖုန်းလာလျှင် အမေ ထနေရလိမ့်မည်။
ဆယ့်နှစ်နာရီခွဲလောက်ထိတော့ ဒီနားမှာပင် စောင့်နေရပေတော့မည်။
နှစ်စဉ်နှစ်တိုင်း ခုလိုအချိန်ဆိုလျှင် တယ်လီဖုန်းတွေဆက်ပြီး “ဟက်ပီးနယူးရီးယား” လုပ်လေ့ရှိကြသည်။
ဘယ်သူတွေမှန်းလည်း မသိ။ ကျွန်တော်တို့ ဖုန်းနံပါတ်ကိုသိသော မိတ်ဆွေတွေလည်း ဖြစ်ချင်ဖြစ်မည်။
တယ်လီဖုန်းလမ်းညွှန်စာအုပ်ကို ကောက်လှန်ပြီး တွေ့ရာနံပါတ်ကို ဆက်လိုက်ရာမှ ကျွန်တော့်ဆီ
ရောက်လာခြင်းလည်း ဖြစ်ချင်ဖြစ်မည်။
သူတို့အဖို့ကတော့ နှစ်သစ်ကူးမင်္ဂလာစကား ပြောခြင်းပင်ဖြစ်၏။ အဲဒါတွေ သိပ်စိတ်မဝင်စားတတ်သော
ကျွန်တော်တို့အတွက်ကတော့ အိပ်ရေးပျက်ရတာပဲ ထူးသည်။
ထားပါတော့။ ဒါက တစ်နှစ်မှတစ်ခါမို့ သည်းခံနိုင်သေးသည်။ ကျွန်တော်တို့မှာ တယ်လီဖုန်းနှင့် ပတ်သက်၍
အခြားသော ဒုက္ခပေါင်းများစွာ ခံစားနေရသည်ကို ပြောပြလိုပါသည်။
ကျွန်တော်တို့အိမ်တွင် အပိုပစ္စည်း ထားလေ့မရှိ။ မလိုအပ်သော အသုံးအဆောင်များ
မထားတတ်ကြောင်းကို ဆိုလိုပါသည်။ တကယ်လိုအပ်သော ပစ္စည်းတွေပင် တစ်ခါတလေ မရှိဘဲ
ဖြစ်တတ်သည်။
တစ်ခါက အဖေသည် နိုင်ငံတော်အစိုးရက ချီးမြှင့်သော တံဆိပ်တစ်ခုပေးအပ်ပွဲ အခမ်းအနားသို့
တက်ရောက်ရန် တိုက်ပုံအင်္ကျီ မရှိသောကြောင့် သူ့မိတ်ဆွေ ရှေ့နေတစ်ဦးထံမှ ငှားသွားခဲ့ရဖူးပါသည်။
(ကြွားတာ မဟုတ်ပါ)
ကျွန်တော်တို့အိမ်တွင် တယ်လီဖုန်း ရှိသည်။ တယ်လီဖုန်း အိမ်မှာထားနိုင်သည့် လူတန်းစားဟုပင်
ဆိုချင်လျှင် ဆိုနိုင်ပါသည်။ တကယ့်တကယ်တော့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် တယ်လီဖုန်းဆိုသည်မှာ
တံမြက်စည်းတစ်ချောင်းကဲ့သို့ အိမ်တိုင်းမှာလိုလို ရှိချင်ရှိမည်။ ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ
မိုဟာမက်အလီ အိမ်မှာ တယ်လီဖုန်း နှစ်ဆယ့်ငါးလုံးဆိုလား ရှိသတဲ့။
ဒီတော့ကာ တယ်လီဖုန်းရှိတယ် ဆိုလျှင်ပင် ကျွန်တော်တို့ဆီမှာ နည်းတဲ့အဆင့်မဟုတ်ဟု
ထင်လိုက်ကြသည်မှာ မဆန်း။ အချို့ကလည်း တယ်လီဖုန်းဆိုတာ ဇိမ်ခံပစ္စည်းတစ်မျိုးပေကပဲဟု
ပေါက်ပေါက်ရှာရှာ ဆိုတတ်ကြပြန်သည်။ စဉ်းစားကြည့်ပါဗျာ။ ဒီတယ်လီဖုန်းဆိုတဲ့ ဟာကြီးနဲ့ ဘယ်လိုလုပ်
ဇိမ်ခံလို့ရသလဲ ဆိုတာ ကျွန်တော်ဖြင့် စဉ်းစားလို့ပင် မရနိုင်။
တစ်ခုတော့ ရှိသည်။ တယ်လီဖုန်းဖြင့် စီးပွားရှာလို့ ရနိုင်သည်။ တစ်ခါဆက်လျှင် တစ်ကျပ်။ မှောင်ခိုကိစ္စ
တချို့မှာဆိုလျှင် ပို၍ စီးပွားဖြစ်သေးသည်။ မှောင်ခိုဟု ခေါ်နေကြသော လုပ်ငန်းဆိုသည်ကလည်း
တစ်မြို့နှင့် တစ်မြို့၊ တစ်နယ်နှင့် တစ်နယ် အမြန်ဆုံး အကြောင်းကြားဖို့ ကိစ္စတွေ ရှိနေတတ်သည်။
ပစ္စည်းပို့သည့် ကိစ္စ၊ ငွေအပေးအယူ ကိစ္စ၊ ဈေးနှုန်းအတက်အကျ ကိစ္စ။ ထိုအခါ တယ်လီဖုန်းသည်
အရေးပါလာ၏။
ဆိုင်တစ်ဆိုင်သို့ နယ်က လူခံဆီမှ ဖုန်းလာသည် ဆိုပါစို့။ တယ်လီဖုန်းပိုင်ရှင်က ထိုဆိုင်ကလူကို
သွားခေါ်ပေးရသည်။ ထိုသို့ သွားခေါ်ပေးခက ငါးကျပ်။ အဲဒီကနေ နယ်က အဆက်အသွယ်ဆီ
ဆက်ချင်သလား၊ တစ်ခါဆက်လျှင် နှစ်ဆယ့်ငါးကျပ်၊ တစ်နေ့ တစ်နေ့ ဘယ်လောက်စီမလဲ၊ စဉ်းစားသာ
ကြည့်ကြပါတော့။
ထားပါ။ ဒါတွေက တယ်လီဖုန်းဖြင့် စီးပွားဖြစ်သူတို့ အကြောင်း။ ကျွန်တော် ပြောလိုသည်မှာ
တယ်လီဖုန်းဒုက္ခအကြောင်း၊ ချစ်ဒုက္ခကဲ့သို့ ခံလို့မကောင်းသည်မှာ သေချာပါသည်။
ကျွန်တော်တို့အိမ်က တယ်လီဖုန်းကဖြင့် ဇိမ်ခံဖို့လည်း မဟုတ်၊ စီးပွားရှာဖို့လည်း မဟုတ်၊ အလုပ်လုပ်ဖို့။
တယ်လီဖုန်းတစ်လုံး ရှိနေသဖြင့် အချို့ကိစ္စများတွင် လူကိုယ်တိုင် သွားမနေရတော့။ အချိန်ကုန်
သက်သာသည်။ လူအပင်ပန်း သက်သာသည်။ အလုပ်တွင်သည်။ ပြီးတော့ အရေးပေါ်ကိစ္စများ
ဖြစ်လာလျှင် ချက်ချင်း အကြောင်းကြားနိုင်သည်။ ဒီတစ်ချက်တော့ဖြင့် တယ်လီဖုန်းမရှိသော အိမ်များထက်
သာသည်ဟု ပြောနိုင်ပါသည်။
သို့ရာတွင်…. …. …. ….
ကျွန်တော့်ခြံသည် ဆွေမျိုးနီးစပ်တွေ စုနေကြသောခြံ ဖြစ်သည်။ ဒီလိုနေရာမျိုးတွင် တယ်လီဖုန်းတစ်လုံး
ရှိသည်ဆိုလျှင် အသုံးပြုချင်ကြမည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ ထို့အပြင် သူတို့နှင့် ပတ်သက်ရာ
ပတ်သက်ကြောင်းတို့ကိုလည်း သူတို့ဆီ အကြောင်းထူးကိစ္စ ပြောစရာရှိလျှင် ဒီဖုန်းနံပါတ်ကိုဆက်ဟု
မှာထားကြမည် အမှန်။ အိမ်ကဖုန်းကို သူတို့လည်း လာဆက်သည်။ သူတို့ဆီကိုလည်း အပြင်က
ဖုန်းလာတတ်သည်။ ကျွန်တော်တို့အိမ်ကလည်း နီးစပ်ရာဆိုလျှင် ခေါ်ပေးသည်။ သွားခေါ်ရမှာ
ဝေးသောအိမ်ဆိုလျှင် “မှာစရာရှိတာ မှာထားပါ၊ လူကြုံလျှင် ပြောပေးပါမည်” ဆိုပြီး မှတ်ထားပေးသည်။
ဒီအထိက ပြဿနာ မဖြစ်သေး။
ခုနောက်ပိုင်းတွင် ခြံထဲမှာ လူဦးရေ တိုးလာသည်။ ဖြစ်ပုံက ဒီလို။ ခြံထဲက အိမ်တစ်အိမ်က အောက်ထပ်ကို
လူငှားတင်သည်။ ဒီမှာတင် နောက်တစ်အိမ်ကလည်း အားကျမခံ သူ့တစ်ဖက်ခန်းကို ငှားလိုက်သည်။
နောက်တစ်အိမ်ကလည်း လိုက်တင်သည်။ တစ်ချို့ ငှားစရာ နေရာမရှိတဲ့ လူကလည်း ကြံဖန်ပြီး
လုပ်ယူသည်။ အိမ်ဘေးက အဖီကလေးဆွယ်ပြီး ငှားလိုက်ခြင်း ဖြစ်လေသည်။ တစ်နှစ်အတွင်းမှာ ခြံထဲတွင်
လူဦးရေနှစ်ဆလောက် တိုးလာသည်။ ထိုသူများသည်လည်း ကျွန်တော်တို့အိမ်က တယ်လီဖုန်းကို
မျက်စိကျခဲ့ကြ၏။
ပြီးတော့….
တစ်နေ့တွင် တယ်လီဖုန်းခေါင်းလောင်းသံ မြည်သောကြောင့် ဖုန်းကောက်ကိုင်လိုက်သည်။
“ဟုတ်ကဲ့.. ပြောပါခင်ဗျာ”
“၅၅၀၁၃ ကလား”
“ဟုတ်ပါတယ်”
“ပူတူးမကို ခေါ်ပေးပါ”
“ပူတူးမဆိုတာ ဒီမှာ မရှိပါဘူး ခင်ဗျာ”
“ရှိပါတယ်”
“ဖုန်းမှားနေပြီ ထင်တယ်”
“မမှားပါဘူး၊ ဟိုလေ.. အဲဒီခြံထဲက ဒေါ်ရွှေရင်အိမ်မှာ ငှားနေတဲ့ ကိုပျော့ရဲ့ မိန်းမလေ၊ ပူတူးမ”
ကျွန်တော် စိတ်တိုသွားသည်။ သို့ရာတွင် လူမှုရေးဆိုတာက ရှိသေးသည်။
ထို့ကြောင့်….
“မှာစရာရှိရင် မှာထားပါလား၊ လူကြုံရှိရင် ပြောပေးပါ့မယ်၊ သူတို့အိမ်က ဝေးလို့ပါ”
တစ်ဖက်က ဖုန်းချသွားသည်။
ချခါနီး “မခေါ်ပေးချင်ရင်လည်း ရပါတယ်” ဟု ငေါ့သွားသေးသည်။
ကိစ္စက မပြီးသေး။ နောက်ပိုင်းတွင် ဖုန်းဆက်သောအခါ အရေးကြီးလို့ပါဆိုသော စကားကို
ထည့်ပြောလာကြသည်။ အရေးကြီးဆိုတော့လည်း တကယ် အရေးကြီးသည့်ကိစ္စ မဟုတ်ပြန်။
အာလာပသလ္လာပ စကားလောက်သာ။ ထို့ကြောင့် နောက်တစ်ခါ အရေးကြီးလို့ပါဆိုလျှင်
သေရေးရှင်ရေးလားဟု မေးလိုက်ရသည်။ ထိုအခါ အလုပ်ကိစ္စဟု ခပ်ဆောင့်ဆောင့်ပြောပြီး
ဖုန်းချသွားတတ်သည်။
ခေါ်မပေးတတ်မှန်းသိတော့ သူတို့ တစ်မျိုး အကွက်ထွင်ကြပြန်သည်။ ဖုန်းဆက်သည်။
ကောက်ကိုင်လိုက်လျှင် အမေညိုကို ခေါ်ပေးပါဟု ပြောသည်။ အမေ့ဆီ တကယ်ဖုန်းလာတာမှတ်လို့
ခေါ်ပေးလိုက်သည်။ အမေ ဖုန်းကိုင်တဲ့အခါကျမှ ဘယ်သူဘယ်ဝါ ခေါ်ပေးပါဆိုပြီး ထပ်ခေါ်ခိုင်းသည်။
အမေကျတော့ ကျွန်တော်တို့လို မဟုတ်။ အလွန် အားနာတတ်သည်။ ခြံအစွန်အဖျားမှာ နေသူကို
ခေါ်ပေးပါဆိုလျှင်လည်း သွားခေါ်ပေးတတ်သည်။
ထို့ကြောင့် ဖုန်းကိုင်သူက ယောက်ျားသံဖြစ်နေလျှင် အမေ့ကို ခေါ်ခိုင်းသည်။ ပြီးမှ သူတို့ပြောချင်သူကို
အမေ့အား တစ်ဆင့်ခေါ်ခိုင်းတတ်သည်။ ခြံထဲကလူတွေက သူတို့ အဆက်အသွယ်များကို
နည်းလမ်းပေးထားခြင်း ဖြစ်ပေလိမ့်မည်။ အဘွားကြီးကို ခုတုံးလုပ်ကြ၊ အသုံးချကြခြင်း ဖြစ်သည်။
အသက်ခြောက်ဆယ် အရွယ်ကြီးဖြင့် ဟိုပြေးဒီပြေး ခေါ်ပေးရသည်ကို အားနာဖို့ သတိမရကြ။
တစ်ခါက ခုနပြောသလိုပင် ဖုန်းလာပြန်သည်။ ကျွန်တော်နှင့် တိုးသည်။ အမေညိုကို ခေါ်ပေးပါတဲ့။
“နေပါဦး၊ အမေညိုနဲ့ ပြောစရာကိစ္စ ရှိလို့လား”
ထိုအခါကျမှ အတန်ငယ် ဆုတ်ဆိုင်းနေပြီး..
“ဟို…. ဒေါ်မြလေးနဲ့ ပြောချင်လို့”
“ဒီမှာ ဒေါ်မြလေးလည်း မရှိဘူး၊ တာတေကြီးလည်း မရှိဘူး၊ နောက်တစ်ခါ မဆက်နဲ့ဗျာ”
ဖုန်းကို ဆောင့်ချပစ်လိုက်သည်။ ဒါတွေက ဟိုဘက်ကနေ ဆက်တဲ့အကြောင်း။ အိမ်ကဖုန်းဖြင့် ဒီဘက်က
ဆက်ကြသည့် အကြောင်းများကို ပြောပြပါဦးမည်။
အရင်က ကျွန်တော်တို့အိမ်တွင် တယ်လီဖုန်းဆက်ခ ထည့်ရန် ပိုက်ဆံပုံးထားခြင်း မရှိပါ။
ကိုယ့်ဆွေမျိုးတွေချည်း ဖြစ်သောကြောင့် တစ်ကြောင်း၊ တစ်ခါတလေ အရေးကြီး၍
ဆက်ကြခြင်းလောက်သာ ရှိသောကြောင့် တစ်ကြောင်း မပြောပလောက်ဟု သဘောထားခဲ့သည်။
ခုနောက်ပိုင်း အိမ်ငှားတွေ များလာသည်။ ကျွန်တော်တို့အိမ်မှာ ဖုန်းရှိကြောင်း သိလာကြသည်။
တစ်ယောက်စ နှစ်ယောက်စက ဖုန်းဆက်ချင်လို့ပါဟု သွေးတိုးစမ်းကြည့်သည်။ ဆက်လို့ရမှန်းသိတော့
နောက်လူတွေကပါ လိုက်လာကြသည်။
အစက ဒီလောက်တောင် ဖြစ်လိမ့်မည်ဟု မထင်ခဲ့။ တယ်လီဖုန်းခ ငွေတောင်းခံလွှာ ရောက်လာတော့မှ
သိရသည်။ ခါတိုင်း ကျနေကျထက် နှစ်ဆနီးပါးလောက် ကျနေသည်။ အမေ့ကို မေးကြည့်တော့မှ
ကျွန်တော်တို့ အပြင်သွားကြပြီဆိုမှ တစ်ယောက်ပြီးတစ်ယောက် လာဆက်လိုက်ကြတာတဲ့။ မေမေက
ဘာမှမပြောဘူးလား မေးတော့..
“ကွယ်.. အကြောင်းကိစ္စရှိလို့ လာဆက်ကြတာ၊ မဆက်ကြပါနဲ့လို့ ပြောလို့ ဘယ်ကောင်းမလဲ” တဲ့။
မဖြစ်ချေဘူး။ ပိုက်ဆံထည့်တဲ့ ပုံးကလေးတစ်ပုံး လုပ်မှဖြစ်မယ်ဟု ဆုံးဖြတ်လိုက်သည်။
သုံးထပ်သားပြားဖြင့် ပိုက်ဆံပုံး လုပ်သည်။ ပုံးပေါ်တွင် နှစ်ဆယ့်ငါးပြားဟု မြေဖြူဖြင့် ခပ်သေးသေး
ရေးထားသည်။ အလိုက်သိတတ်ကြတန် ကောင်းပါရဲ့။
ဖုန်းဆက်ခ ပိုက်ဆံပေးရမည် ဆိုသောကြောင့် ဆက်မည့်သူ နည်းနည်းတော့ လျော့သွားလိမ့်မည်ဟု
ထင်သည်။ ပိုက်ဆံ မထည့်ခိုင်းလို့ကလည်း မဖြစ်တော့။ သူတို့ဆက်သမျှ ကျသင့်ငွေများကို
ကျွန်တော်တို့က စိုက်ရှင်းပေးရမည် ဆိုသည်မှာ လုံးဝ သဘာဝမကျ။ သူတို့ဘက်က ကြည့်လျှင်တော့
တစ်ခါတလေ ဆက်တာပါပဲ။ သူတို့လို တစ်ခါတလေပေါင်းက ဘယ်နှစ်ယောက်ရှိမည် မသိ။
တစ်လုံးတည်းရှိသော တယ်လီဖုန်းကတော့ တစ်ယောက်တစ်လှည့်စီ တစ်ခါတလေကြသောအခါ
ဦးခေါင်းကို လူတစ်ဦးလျှင် တစ်ချက်စီပဲပုတ်၊ လူတစ်ရာလောက် ဝိုင်းပုတ်ခြင်းခံရလျှင်
ဘယ်လိုနေမည်နည်း။ ကိုယ်ချင်းစာကြည့်စေချင်သည်။ သူတို့တစ်တွေကလည်း အလကားရလျှင်
တယ်လီဖုန်းတောင် ဆက်ချင်တတ်ကြသူမျိုး။
အိမ်တစ်အိမ်ကိုရောက်လို့ တယ်လီဖုန်းရှိကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုက်နက် ဘယ်ကိုဆက်ရင်
ကောင်းမလဲဟု စဉ်းစားလိုက်ကြတတ်သူမျိုးလည်း ရှိသည်။ ပြီးလျှင် တစ်နေရာ ဆက်မည်။
ဘယ်ရုံးဖုန်းနံပါတ်များ မသိဘူးလား ဆိုတာမျိုးက လာသေးသည်။ ပြောကြသော စကားတွေကိုလည်း
ကြည့်ပါဦး။
“ရှယ်လီလား၊ အေး.. သတိရလို့ ဆက်တာပါ၊ မတွေ့တာ ကြာလို့၊ အင်းလေ.. သုံးလေးရက်ရှိပြီပဲ၊
ထမင်းစားပြီးပြီလား၊ ဘာဟင်းလဲ၊ အောင်မယ်.. ကောင်မစုတ်၊ ကြီးပွားနေတာပေါ့လေ၊ ဟေ့.. ဒါနဲ့ သရဲကြီး
တွေ့သေးလား၊ ဘာလဲ.. နင်နော်၊ နင်ယူပါလား”
အဲဒါမျိုးတွေ။
ပြီးတော့ ရုံးကို ခွင့်တိုင်ကြတာလည်း ဒီတယ်လီဖုန်းနဲ့ပဲ။ ဘယ်က လာပါဦးတဲ့ ပြောစရာတွေ ရှိလို့တဲ့
ဆိုတာလည်း ဒီတယ်လီဖုန်းပဲ။ တယ်လီဖုန်းမရှိတဲ့ အရပ်မှာတုန်းက ဘယ်လိုများ နေခဲ့ကြသလဲ။
လူတစ်ယောက် ရှိသေးသည်။ အိမ်ကဖုန်းကို မကြာခဏ လာဆက်လေ့ရှိသည်။ သူပြောသော
စကားထဲတွင် ကျွန်တော်တို့ နားမလည်တာတွေ ပါသည်။ တယ်လီဖုန်းလိုင်းတွေ တစ်ခါတစ်ရံ
ချွတ်ယွင်းတတ်သောကြောင့် ခပ်ကျယ်ကျယ် ပြောရသည့်အခါ တစ်စွန်းတစ်စ ကြားရတတ်၏။
သူ့စကားထဲတွင် အနီတွေ၊ အစိမ်းတွေလည်း ပါသည်။ ဆယ့်ငါးတို့၊ သုံးခွဲတို့လည်း ပါသည်။ နောက်မှ
သိရသည်။ ကျောက်အရောင်းအဝယ်စကား ပြောတာတဲ့။ ဥပဒေနှင့် မလွတ်မကင်း ဖြစ်ခဲ့လျှင်
တယ်လီဖုန်းပိုင်ရှင်မှာ ပြဿနာတက်နိုင်သောကြောင့် နောက်နောင် လာမဆက်ပါရန် ယဉ်ယဉ်ကျေးကျေး
ပြောလိုက်ရ၏။
မည်သို့ပင်ဖြစ်စေ ခု ပိုက်ဆံထည့်ရတော့မည်ဆိုလျှင် အရင်ကလို “ထမင်းစားပြီးပြီလား” မေးရုံမျှဖြင့်
ဆက်ကြမည် မထင်တော့။
တစ်ပတ်လောက်အကြာတွင် ပိုက်ဆံပုံးကို လှုပ်ကြည့်ရာ အကြွေစေ့သံများ ထွက်လာသည်။ အလဲ့..
ဘယ်ဆိုးလို့လဲဟု ထင်မိ၏။ တစ်နေ့တော့ ပိုက်ဆံအကြွေ လိုချင်သဖြင့် ပုံးကိုဖွင့်သည်။ ဖွင့်လက်စနှင့်
ပိုက်ဆံတွေကို ရေကြည့်လိုက်ဦးမည်ဟု စိတ်ကူးသည်။ အကြွေများကို ရေတွက်ကြည့်ရာ လေးကျပ်နှင့်
သုံးဆယ့်ငါးပြားသာ ဖြစ်နေ၏။ စဉ်းစားရ ခက်သွားသည်။ တစ်ခါဆက်လျှင် တစ်မတ်ဆိုတော့
လေးကျပ်အတိသော် လည်းကောင်း၊ လေးကျပ်ခွဲသော် လည်းကောင်း၊ လေးကျပ်တစ်မတ်သော်
လည်းကောင်း ဖြစ်ရမည်။ ခုဟာက ကတ်သီးကတ်သပ် လေးကျပ် သုံးဆယ့်ငါးပြားတဲ့။ ဆယ်ပြားက
ဘယ်လိုလုပ် ပိုနေသလဲ။ သေသေချာချာ စဉ်းစားကြည့်တော့မှ ဒီလိုကိုး။
ပိုက်ဆံထည့်တဲ့ သဘောရောက်ရင်ပြီးရော ဆိုပြီး ပုံးထဲကို ပိုက်ဆံကျသံ ဒေါက်ခနဲ မြည်ရုံလောက်သာ
ဆယ်ပြားစေ့တစ်စေ့ တည့်သွားခြင်း ဖြစ်ပေလိမ့်မည်။ ငါးပြားစေ့တို့၊ တခြား သံပြားဝိုင်းတစ်ဝိုင်းတို့
ထည့်မသွားတာပဲ ကျေးဇူးတင်ရမလို ဖြစ်နေသည်။ ဒီကြားထဲ လစ်ရင်လစ်သလို ပိုက်ဆံ
ထည့်မသွားသူတွေလည်း ရှိဦးမည်။
ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ တယ်လီဖုန်း အခွန်အခဈေးနှုန်းများ တိုးမြှင့်လိုက်သည်။ နှစ်စဉ်ကြေး
ကျပ်လေးရာ့ရှစ်ဆယ်နှင့် တစ်ယူနစ်လျှင် ပြားသုံးဆယ်။ တယ်လီဖုန်းတစ်လုံးကို အိမ်မှာ တပ်ဆင်ထားလျှင်
ဆက်သည်ဖြစ်စေ၊ မဆက်သည်ဖြစ်စေ တစ်နေ့လျှင် တစ်ကျပ်နှစ်ဆယ့်ငါးပြားလောက်
အခွန်ဆောင်ရသည့်သဘော။ မိမိဘက်မှ တစ်ခါဆက်လျှင် (တစ်ယူနစ်) ပြားသုံးဆယ် ထပ်ပေးရသည်။
အိမ်ကဖုန်းကို လွှတ်ထားလို့ မဖြစ်တော့။ ပိုက်ဆံထည့်ရန် ကြပ်ကြပ်မတ်မတ် လုပ်ရမည်။ ပြီးတော့
တယ်လီဖုန်းဆက်ခ အရင်လို တစ်မတ်ပဲထားလို့ မဖြစ်တော့။ ပြားသုံးဆယ် လုပ်မလား၊ ငါးမူး လုပ်မလား။
မြို့ထဲမှာဆိုလျှင် တစ်ခါဆက် တစ်ကျပ် ဖြစ်နေပြီ။ အများသုံးဖုန်းပင် ငါးမူး ဖြစ်နေပြီ။
တစ်နေ့ ကျွန်တော် မြို့ထဲ အထွက်နောက်ကျသည်။ ဝတ္ထုတိုကလေးတစ်ပုဒ်ကို လက်စသတ်ရေးရမည်
ဖြစ်သောကြောင့် ဇာတ်သိမ်းခါနီး ရေးလို့ကောင်းတုန်း၊ အရှိန်ရတုန်းအချိန်တွင် အိမ်ရှေ့တံခါးကို
လာခေါက်သည်။ အမေက မီးဖိုထဲမှာ ဖြစ်နေသောကြောင့် ကျွန်တော် ထဖွင့်ပေးလိုက်သည်။
“ဖုန်း ခဏဆက်ချင်လို့ပါ”
အမျိုးသမီးတစ်ယောက်။ ကျွန်တော်တို့ ခြံထဲကမဟုတ်။ မြင်တော့ မြင်ဖူးသည်။ ရပ်ကွက်ထဲကပင်
ဖြစ်လိမ့်မည်။ မိန်းကလေးတစ်ယောက်အနေဖြင့် သူများအိမ်ကို တံခါးခေါက်ပြီး ဖုန်းဆက်ခွင့်
တောင်းရခြင်းမှာ အရေးကြီးသော ကိစ္စကြောင့်ပင် ဖြစ်မည်ထင်ပြီး “ရပါတယ်.. ဆက်ပါ” ဟု
ပြောလိုက်သည်။
သူဖုန်းဆက်သောအချိန်တွင် ကျွန်တော် စာထိုင်ရေးနေသည်။ ကျွန်တော့်အခန်းထဲက စားပွဲသည် ခုချိန်တွင်
နေရောင်ထိုးတတ်သောကြောင့် ဧည့်ခန်းထဲတွင် လာရေးနေခြင်း ဖြစ်သည်။ တယ်လီဖုန်းထားရာ နေရာနှင့်
မလှမ်းမကမ်းမှာ။
သူသည် စဆက်ခါစတွင် ခပ်တိုးတိုးပြောသည်။ နောက် တစ်ဖက်မှ မကြားရသဖြင့်
ကျယ်ကျယ်ပြောခိုင်းဟန်တူသည်။ အသံ အနည်းငယ်မြှင့်၍ ပြောသည်။
“လာလို့ မဖြစ်ဘူး၊ အိမ်က ရိပ်မိ..”
သူ့အသံကို တစ်ချက်တစ်ချက် ကြားရသည်။ ပြီးတော့ သူ ကျွန်တော်ရှိရာသို့ ဖျတ်ခနဲ လှမ်းကြည့်သည်။
သိလိုက်ပြီ။ သူ ဘာကိစ္စ စကားပြောနေတယ်ဆိုတာ။ ကျွန်တော် ဆက်ထိုင်နေလို့ မဖြစ်တော့။ တော်ကြာ
ကျွန်တော်ကပဲ သူတို့ပြောတာကို နားစိုက်ထောင်နေသယောင် အထင်ခံရမည်။ ကျွန်တော့်ရေးလက်စ
ဝတ္ထုဇာတ်သိမ်းခန်းကို ရပ်ပြီး ထရှောင်ပေးလိုက်ရသည်။ ကဲ.. ကိုယ့်အိမ်မှာတောင် လွတ်လွတ်လပ်လပ်
မနေရ။ ဒါထက် ဆိုးတာကတော့….
ထိုအမျိုးသမီး ဖုန်းဆက်တာ မိနစ်နှစ်ဆယ်လောက် ကြာမည်ထင်ပါသည်။ တစ်ချက်တစ်ချက်
ကျွန်တော်ရပ်နေသော ဝရန်တာဘက်သို့ ရယ်သံတစ်ခစ်ခစ် ပျံ့လွင့်လာသည်။ ဖုန်းချလိုက်သံ ကလင်ခနဲ
တစ်ချက်ကြားလိုက်သောကြောင့် ဧည့်ခန်းထဲ ပြန်ဝင်ခဲ့သည်။ သူသည် ပခုံးသိုင်းအိတ်ကို ဖွင့်သည်။
ပိုက်ဆံအိတ်ကို ထုတ်သည်။ ဖွင့်သည်။
ပြီးတော့..
“ဟယ်…. အကြွေတောင် မပါဘူး၊ အစိတ်တန်ကြီး”
ကျွန်တော့်ကို ပြုံးပြပြီး..
“အမ်းနိုင်လားဟင်”
ကျွန်တော် တော်တော် စိတ်ဆိုးသွားသည်။ ဖုန်းဆက်ချင်လျှင် အစကတည်းက အကြွေ ယူလာခဲ့ပါလား။
ကျွန်တော်တို့က အကြွေတွေ အဆင်သင့်ဆောင်ထားပြီး အမ်းပေးရဦးမှာလား။
အမေရောက်လာသောကြောင့် ဘာမျှ မပြောဖြစ်လိုက်။ သူက အမေ့ဘက်သို့လှည့်၍ ခုနလို ပြောပြန်သည်။
အမေကတော့..
“ကိစ္စမရှိပါဘူးကွယ်၊ အကြွေမရှိရင်လည်း”
ထိုအမျိုးသမီး ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျွန်တော် ကတ်ပြားတစ်ခု အမြန်ရှာသည်။
ဝတ္ထုဆက်ရေးဖို့ မစဉ်းစားနိုင်တော့။ ကတ်ပြားရလျှင် အောက်ပါစာတန်းကို ခပ်ကြီးကြီးရေးပြီး
ပိုက်ဆံပုံးတွင် ကပ်ထားလိုက်သည်။
“ဟောဒီ ပုံးကလေးကတော့ ပိုက်ဆံထည့်တဲ့ ပုံးကလေးပဲ ဖြစ်ပါတယ်ခင်ဗျာ၊ အလှပြထားတာလို့
မထင်ကြပါနဲ့၊ ဆွေမျိုးများ၊ ဓမ္မမိတ်ဆွေများ၊ အပေါင်းအသင်းများ အပါအဝင် မည်သူမဆို ဖုန်းဆက်လျှင်
ပိုက်ဆံတစ်ကျပ် ထည့်ကြပါ၊ ပက်ခနဲပြောတော့မှ စိတ်မဆိုးကြပါနဲ့”
“မှတ်ကရော” ဟု မိတ်ဆွေတို့ ဝမ်းသာသွားကြပါသလား။ ကျွန်တော်လည်း ထိုစာကို ကပ်လိုက်ပြီး
တော်တော် စိတ်ချမ်းသာသွားပါသည်။ ထို့နောက်ပိုင်းတွင် ဖုန်းဆက်သူ အတော်လျော့ပါးသွားပါသည်။
တစ်ကျပ်ဆိုတော့လည်း လက်ဖက်ရည်တစ်ခွက်စာကိုး။ အရေးမကြီးဘဲ ဘယ်ဆက်ကြတော့မှာလဲ။
ပိုက်ဆံပုံးသည်လည်း အရင်ကလို အကြွေစေ့သံများ မဟုတ်တော့။ လှုပ်ကြည့်လျှင် ကျပ်တန်တွေရဲ့
အသံခပ်ဖွဖွကို ထောက်ခနဲ ထောက်ခနဲ ကြားရတတ်သည်။ ခုမှပင် တယ်လီဖုန်းနှင့် ပတ်သက်သောဒုက္ခ
ကင်းဝေး…. ဟိုက် မဟုတ်သေးဘူးဗျ။
တစ်နေ့ ကျွန်တော် မြို့ထဲက ပြန်လာသောအခါ အမေ တံခါးဖွင့်ပေးသည်။ အိမ်ထဲသို့ ကိုယ်တစ်ပိုင်းပင်
မဝင်ရသေး။ သတင်းစကားတစ်ခုကို ကြားရသည်။
“သားရေ.. တယ်လီဖုန်း ပိုက်ဆံပုံးလေး”
“ဘာဖြစ်လဲ”
“မရှိတော့ဘူး၊ အမေ မီးဖိုထဲ ဝင်နေတုန်း ဘယ်သူ ဝင်ခိုးသွားလဲ မသိဘူးကွယ်”
___________*************_______________
မင်းလူ
(ရွှေဇာမဂ္ဂဇင်း၊ ရန်ကုန်ပြွန်တန်ဆာအသင်း နှစ်ပတ်လည်၊ မေ၊ ၁၉၈၁)
#crd
#ခိုင်နီလာမောင်ပေ့ခ်ျထဲမှ_ထပ်ဆင့်ကူးယူမျှဝေပေးပါသည်။
#စာပေဟောပြောပွဲ