❝ ပုရွတ်ဆိတ် ငါးကောင် ❞
သူငယ်ချင်းများ အားလုံးတိတ်ပြီး ငြိမ်နေကြသည် ။
သူတို့ မျက်နှာပေါ်တွင် ဘာစကားကို အကောင်းဆုံးဖြစ်အောင် ပြောရမည်ဆိုတာ ရှာမရခြင်း ၊ စိတ်မကောင်းဖြစ်ခြင်း နှင့် ဘာဆက် လုပ်ရမယ်ဆိုတာကို ဝေခွဲမရခြင်းတို့ ပြည့်သိပ်ကျပ်ညပ်၍ နေကြသည် ။ ကျွန်တော် နှင့် တစ်ယောက်မှ မျက်ဝန်းချင်း အဆုံ မခံကြ ။ ကြည်ပြာ က ခေါင်းကို ငုံ့ချထားကာ စိန်ဓားမောက်ဖိနပ် ထဲက သူ့ ခြေမကလေးကို ကွေးလိုက် ဆန့်လိုက် လုပ်ကြည့်နေသည် ။
ကျွန်တော့် ရင်သည် ဘာမှ မရှိတော့သလို ဟာလာဟင်းလင်း ဖြစ်နေခဲ့သည် ။ လည်ချောင်းထဲမှာ တစ်စုံတစ်ရာ သည် လာရောက် ဆို့ကျပ်နေခဲ့၏ ။
“ ရဲဝင်း ရယ် … ဖြစ်လိုက်မှ အသည်းအသန် ချည်းပဲ ။ နင် ပိုက်ဆံလုတဲ့ ကောင်လေးတွေနဲ့ တိုက်မိပြီး ကားလမ်းမပေါ် လဲကျသွားတာ ၊ နောက်က ကားတွေ ထိုးရပ်ကုန်တာ ၊ အားလုံးကို ကြည်ပြာ က ကားပေါ်က တွေ့တယ်တဲ့ ။ သူလည်း ဆိပ်ကမ်းသာလမ်းရောက်တော့ ဆင်းပြီး နင့်ဆီ ချက်ချင်းပြန်လိုက်လာသေးတယ် ။ ဒါပေမဲ့ နင် မရှိတော့ဘူးတဲ့ ”
ယဉ်ယဉ်သိန်း က မျက်နှာငယ်လေးနှင့်ပြောသည် ။သူ ကြည်ပြာ ကို လှမ်းကြည့်တော့ ကြည်ပြာ ၏ ခေါင်းကို မမော့ဘဲ ပင့်ကြည့်သော မျက်လုံးချင်း ဆုံသည် ။ ကြည်ပြာ ဖျတ်ခနဲ မျက်နှာလွှဲသွား၏ ။
“ ဟာ … ငါ ဘယ်လို နေရမလဲ ။ လူတွေက ချက်ချင်း အုံလာတာ ၊ ပြီးတော့ သူတို့က ငါ့ကို ပိုက်ဆံ ဝင်လုတဲ့ လူလို့ ထင်တာဟ ။ အေးလေ … ငါကလည်း အတင်းပြေးသွားပြီး တွန်းထိုး လုပ်မိတာကို ” မချိတင်ကဲ ကျွန်တော့် ကြေကွဲသံဆုံးတော့ လွင်ဦး က ရယ်ချင်နေသော နှုတ်ခမ်းကြီးကို ကိုက်ထား၏ ။ အောင်နိုင်စိုး က တစ်ဖက်သို့ လှည့်သည် ။ မိုးမိုး နှင့် ယဉ်ယဉ်သိန်းက တစ်ယောက် နှင့် တစ်ယောက် လှမ်းကြည့်ကာ ထိန်းပြီးထားသည့်ကြားမှ တဦးဦးအသံ ထွက်လာသည် ။ နောက်တော့ မမြင်လိုက်ရသော မြင်ကွင်းများသည် သူတို့အာရုံထဲမှာ ပေါ်လာကာ တဟားဟား ရယ်သံတွေ ထွက်ကျလာလေသည် ။ ကြည်ပြာ ပင် နှုတ်ခမ်းကို ကိုက်ထား မျက်လုံးပင့်ကြည့်ရင်းက ကျွန်တော့်ကို အားနာသလို ပြုံးသည် ။
“ အေးဟယ် … တကယ်တဲ့ ။ ကြည်ပြာ ငါ့အိမ်ကို ရောက်လာတော့ မျက်စိမျက်နှာ ပျက်လို့ ။ သူက နင် ကားတိုက်လို့ သေပြီတဲ့ ။ ဟား … ဟား … ဟား … ။ ငါတို့လည်း ဘာလုပ်ရမှန်း မသိ တော့ဘူးပေါ့ ။ ကြည်ပြာ ပြောပြတော့ နင့် စိတ်မပူဘဲ တစ်အိမ်လုံး ရယ်လိုက်ကြတာ ။ နင့်အိမ်ကိုလည်း လိုက်မလာရဲဘူး ။ မတော် နင် တကယ်ဖြစ်ရင် ဒုက္ခ ”
“ နင်ကလည်း ပိုက်ဆံ မပါလည်း ကြိုပြောရောပေါ့ဟာ ငါတို့ ပေးမှာပေါ့ ။ ကြည်ပြာ ကလည်း တောင်းကတည်းက ပေးလိုက်ရင်
… ”
“ အို … သူနဲ့ အတူရှိနေတာပဲ ။ ထပ်တောင်းပါလား ။ ငါက မေ့တာပေါ့ ၊ ဘာမှန်းလဲ မသိဘူး ”
ကြည်ပြာ က မျက်စောင်းလှမ်းထိုးသေးသော်လည်း သူမ အကြည့်တွင် စိုးရိမ်စိတ် ပါနေသည်ကို ကျွန်တော်သိပါသည် ။ ကျွန်တော့်ကို လူလယ်ကောင်မှာ အော်ခဲ့တာ ၊ အနားကပ်ခွင့် မပေးတာ စကားတွေကို ကြည်ပြာ မှတ်မိနေပါလိမ့်မည် ။ သို့သော် မိန်းမတို့၏ ဗီဇအတိုင်း ဘယ်တော့မှ ဝန်မခံချင်ကြ ။ ရှိပါစေတော့လေ ။
“ ထားလိုက်ပါတော့ဟာ ၊ အားလုံးက ငါ့အပြစ်နဲ့ ငါပါ ”
“ တော်သေးတာပေါ့ကွာ ၊ တံတောင်ဆစ်နဲ့ နားရွက်ပဲ ပွန်းသွားကာ ၊ ဒီထက် အများကြီး အခြေအနေဆိုးနိုင်တာကွာ ။ ကြည်ပြာ က တစ်မနက်လုံး စိတ်ပူနေတာ ၊ မင်းမြင်မှပဲ ဟဲဟဲ … ။ ကဲ … ငါတို့ သွားမယ် ။ ကြည်ပြာ နင် သတင်းမေးချင် မေးပေတော့ ”
အောင်နိုင်စိုး က လှေကားစပ်မှ ခုန်ချကာ ယဉ်ယဉ်သိန်း ကို လှမ်းဆွဲသည် ။ လွင်ဦး နဲ့ မိုးမိုး ကလည်း ထပြီ ။ အောင်နိုင်စိုး က မျက်စိမှိတ် မေးဆတ်ပြသည် ။ ကြည်ပြာသည် ငြိမ်၍ ရပ်နေသည် ။ ကျွန်တော်လည်း ခေါင်းကိုသာ ငိုက်စိုက်ချထားလိုက်မိလေသည် ။ ဒီအဖြစ်အတွက် ကြည်ပြာအတော် ရှက်သွားမလား ။ ကျွန်တော် တောင်းပန်လိုက်ရမလား ။ ဖျတ်ခနဲ ခိုးကြည့်တော့ ကြည်ပြာ နှင့် မျက်လုံးချင်း ဆုံကြပြန်သည် ။ နှစ်ယောက်စလုံး ကမန်းကတန်း မျက်နှာလွှဲကြရသည် ။ ခဏကြာတော့ ကြည်ပြာ ထံမှ သက်ပြင်းချသံ သဲ့သဲ့ကိုကြားရ၏ ။
“ တော်တော် နာနေသေးသလား ”
ကျွန်တော် ဦးခေါင်းကို ခါရမ်းသည် ။ ကြည်ပြာ က ကျွန်တော့် ဘယ်ဘက် နားရွက်သေးသေးကလေးကို ကိုင်ကြည့်သည် ။ ကျွန်တော် နာသွားသဖြင့် အားခနဲအော်တော့ ကြည်ပြာက လန့်ဖျပ်၍ လက်ကို လွှတ်ကာ မျက်စောင်းထိုးသည် ။
“ တံတောင်ဆစ်ကရော ”
ကြည်ပြာ က ကျွန်တော့်လက်မောင်း ကို တအံ့တသြ ကိုင်ကြည့်သည် ။
“ တော်ပါသေး ရဲ့ ၊ ဟွန်း စိတ်ပူရတာနဲ့တောင် မကာမိဘူး ”
“ စိတ်ကော တကယ် ပူလိုလား ”
ကြည်ပြာ က မျက်စောင်းထိုးကာ မျက်လွှာကို ချသွားသည် ။ ပါးလျပြီး ချွန်ထွက်နေသည့် အပေါ်နှုတ်ခမ်းကလေး ။ သွေးကြောကလေးတွေ မြင်နေရတဲ့ ပါးပြင် ၊ ညာဘက် ပါးပြင်ပေါ်က ပြုံးလိုက်လျှင် ပါးချိုင့်တွင်းနက်နက်ထဲ ခုန်ချသွားလေ့ရှိသည့် မှဲ့စိမ်းစိမ်းကလေး တစ်လုံး ၊ နဖူးကျဉ်းကျဉ်းကလေးပေါ်က ကပိုကရို ဝဲကျနေသည့် ဆံစကလေးများ ၊ ကျွန်တော့် ရင်တွေ ခုန်လာပြန်သည် ။ ထိုစဉ် ကျောင်းသူ လေးငါးယောက် ဆင်းလာသဖြင့် ကျွန်တော်တို့ နေရာရွှေ့ ပေးလိုက်ရ၏ ။
“ နင့်ကို လူတွေ ဝိုင်းအုံလာရောလား ”
“ အေးပေါ့ ၊ သူတို့က ငါ့ကို နားမလည်ကြဘူးဟ ”
“ မိန်မကြီး ကလည်း ကားပေါ်က ချသွားတဲ့ ပိုက်ဆံကို ဝင်လုတယ်လို့ အော်တော့ ပိုဆိုးတာပေါ့ ။ ငါ့ လက်ထဲမှာကလည်း ငါးကျပ်တန် ” ကျွန်တော့်စကား မဆုံး ကြည်ပြာ က တခွီးခွီး ရယ်သည် ။ ကျွန်တော် ကတော့ လုံးဝမရယ်နိုင် ။
“ ဒီတော့ နင် ဘာပြောခဲ့သလဲ ”
ဘုရား … ကျွန်တော့် တစ်ကိုယ်လုံး တုန်သွားသည် ။ အဲဒါ ကျွန်တော့် ရည်းစား ဟု ကျွန်တော် ကြံရာ မရစွာ ဖြေရှင်းခဲ့သည် မဟုတ်ပါလား ။ ပျက်သွားသော ကျွန်တော့်မျက်နှာကြောင့် ကြည်ပြာ က မျက်မှောက်ကို ကျုံ့သည် ။
“ ဟို … ဟိုလေ … အဲဒီ ပိုက်ဆံဟာ ငါနဲ့ ပတ်သက်တယ် ဆိုတာကိုတော့ ရှင်းပြရတာပေါ့ဟာ ။ ဟို နင် စိတ်မဆိုးနဲ့ဟာ ၊ အဲဒါ ကျွန်တော့် ရည်းစားဗျ လို့ ငါပြောခဲ့တာ ၊ ဒါပေမဲ့ ဘယ်သူကမှ မယုံပါဘူးဟာ ၊ နားလည်း မလည်ကြဘူးဟာ ။ နင်စိတ်မဆိုးနဲ့နော် ကြည်ပြာ ”
“ မဆိုးပါဘူး ၊ ဘာလို့ စိတ်ဆိုးရမှာလဲ ”
တော်ပါသေးရဲ့ဟု အောက်မေ့ရသည် ။ ဒါပေမဲ့ ဇော်မင်းထွေး ကျွန်တော့် ကို ဆွဲထိုးသည် ။
“ အရူးအပေါ ၊ အဲဒီလို ဖြစ်အောင် မင်းကို ထားခဲ့တာကွ ။ ဒါဆို ငါ တကယ် နင်နဲ့ ချစ်သူ ဖြစ်ပြီလား ဘာညာ မေးရမှာ အဖြေရအောင်တောင်းရမှာ ။ မင်းဟာလေ အမြဲတမ်း အူကြောင်ကြောင်နဲ့ မင်းကပဲ တော်ပါသေးရဲ့ စဉ်းစားရသေးသလား ၊ ငတုံး အရူးအပေါ ”
ကျွန်တော် ဆွေးသွားသည် ။ ဪ ငါဟာ အတော်ညံ့ပါကလား ၊ ဒီအဖြစ်အပျက်ကို ဒီလို အသုံးချရမှာပါလားဟု အခုမှ နောင်တ ရနေမိသည် ။ ဒုက္ခပါပဲ ။ ငါ ဘာဆက် လုပ်ရမလဲ ။
“ သေလိုက် ၊ လဲ သေလိုက် ။ မင်း နောက်ပိုင်း ဘာဆက် ပြောသေးသလဲ ”
“ ဟင့်အင်း … ပြီးတာနဲ့ မင်းတို့ဆီ လိုက်လာတာ ”
“ တော်သေးတာပေါ့ ၊ ကြည်ပြာ က မင်းကို အဖြေပေးပြီးသွားပြီလို့ ယူဆနေမှာ သေချာတယ် ။ မင်း နဲ့ ကြည်ပြာ ဖြစ်ပြီ ။ မင်းဘာမှ ထပ်မရှည်နဲ့နော် ။ ခပ်တည်တည်နေ ၊ ကြည်ပြာ ကို ချစ်သူတစ်ယောက်လို ဆက်ဆံ ၊ မနက်ဖြန် ငါတို့က မုန့်ကျွေးခိုင်းမယ် ။ မင်း ခပ်တည်တည်နဲ့သာ ကျွေးလိုက် ကြားလား ”
ဇော်မင်းထွေး စကားကြားရတော့ ကျွန်တော့် ရင်သည် ဖျတ်ခနဲ နိမ့်ဆင်းသွားခဲ့သည် ။ တစ်လောကလုံးလည်း ဖျက်ခနဲ လင်းသွားသလို ထင်ရ၏ ။ ကြည်ပြာ နဲ့ ငါနဲ့ ဖြစ်ပြီး ငါ့ မှာ ချစ်သူတစ်ယောက်ရပြီး အသိဉာဏ်သည် နိမ့်ချည် မြင့်ချည်ဖြစ်နေကာ အရိပ်အရောင် အသံတို့သည် တစ်ပြိုင်နက် ကျွန်တော့် ခံစားမှုအပေါ်ကို စုကျလာသလို ဖြစ်သွားသည် ။ နှလုံးသည် မငြိမ် ၊ ခန္ဓာကိုယ်ကို တွန့်လိမ်ကာ အားရှိပါးရှိ ကွေးဆန့်ပစ်လိုက်ချင်မိ၏ ။ ဘယ်လိုရသ ပါလိမ့် ။ ထို တဒင်္ဂတွင် တစ်လောကလုံးမှာ ရှိသည့် ပန်းတွေ တစ်ပြိုင်နက် ပွင့်လာကြလေသည် ။
ကျွန်တော် အိမ်ကို ပြန်ရောက်လာတော့ မနေတတ် မထိုင်တတ် ဖြစ်၍ နေသည် ။ တစ်ခုခုကို အားရှိပါးရှိ ဖက်ထားလိုက်ချင်၏ ။ ကျွန်တော့်အတွက် ဒေါ့ဂျစ်ကားတစ်စီး၏ ဦးခေါင်းပိုင်းသည်လည်း ချစ်စရာကြီး ဖြစ်နေသည် ။ အစာကောက်နေသော ကြက်မ နှင့် ကြက်သားကလေး တစ်အုပ်ကလည်း လှနေသည် ။ နေရောင် ၊ ပန်းပွင့် ၊ သစ်ရွက် ၊ လမ်းမပေါ်က လူတွေအားလုံးသည် နဂိုထက်လှ၍နေလေသည် ။ ကျွန်တော် အိမ်မှာ ဆန်ဆေးပေးသည် ။ ရေတွေဘာတွေ ခပ်သည် ။ ခရမ်းချဉ်သီး ဝင်လှီးသည် ။ သီချင်းတအေးအေးနှင့် တွေ့ကရာတွေ လျှောက်လုပ်နေသော ကျွန်တော့် ကို အမေက မသင်္ကာသလို ကြည့်၏ ။ နောက်ဆုံး ကျွန်တော် ခဏခဏ ပိတ်ကန်တတ်သော ရွှေဝါ ကိုပင် စာကလေးခွေတွေ ဘာတွေ ဝယ်ကျွေးကာ ပွတ်သပ်ပေးလိုက်သေးသည် ။
ထိုညတွင် အိပ်၍ မပျော် ၊ ကျွန်တော့်မှာ ချစ်သူတစ်ယောက် ရှိနေပြီ ။ လမင်းသည် ဘယ်လို သာရမယ် မှန်းမသိ ဖြစ်နေကာ ၊ ကြယ်ကလည်း ဘယ်လို ခုန်ရမည်ဆိုတာ မသိဟုပင် ကျွန်တော်ထင်သည် ။ ကြည်ပြာ … ကြည်ပြာ … ကြည်ပြာ ကျွန်တော့် ရင်ခုန်သံသည် ထိုအတိုင်း မြည်နေသည် ။ အရာရာသည် ကောက်မ လျှင် ပေါ့ပေါ့ကလေး ပါလာလိမ့်မည် ထင်သည် ။ ကြည်ပြာ ၏ လှပသော မျက်နှာကလေးသည် ကျွန်တော့် အာရုံထဲမှာ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ဆတ်ခနဲ ဆတ်ခနဲ ပေါ်ပေါ်လာတတ်သည် ။ မျက်ဝန်းများကို မှိတ်သော်လည်း ရင်ခွင်တစ်ခုလုံးသည် တင်းတောင့်နေကာ အိပ်ချင်စိတ်သည် ဘယ်မှာမှ ရှာ၍မရ ၊ ချစ်ရပါသော မကြည်ပြာ ။
ခုန်ခုန်နိုင်လွန်းသော ရင်သည် နံနက် ငါးနာရီလောက်တွင်မှ ပျော်ပျော်ကြီး အိပ်သွားသည် ။ မနက် ရှစ်နာရီကျော်မှ နိုးသည် ။ ဟိုက် . . . ။ ကမန်းကတန်း ဗိုလ်တထောင်တက္ကသိုလ်ကို လစ်ရသည် ။ ဒီနေ့မနက် ကြည်ပြာ နှင့် အထိမ်းအမှတ် ကင်ပွန်းတပ် ကျွေးဖို့ရှိသည် မဟုတ်လား ။ ရောက်သွားတော့ လူစုံနေပြီ ။ ကြည်ပြာ ၏ အပေါ်နှုတ်ခမ်း ချွန်ချွန်သည် တစ်ထွာလောက် ရှေ့ကိုရောက်နေ၏ ။ မျက်လုံးတစ်ချက် အဝှေ့မှာပင် မျက်စောင်း ရှစ်ခါလောက်ထိုးသည် ။ မိုးမိုး က ကြည်ပြာနံဘေး ကပ်လျက်ခုံမှာ ကျွန်တော့်ကို နေရာပေးသည် ။
အဟား . . . ။
“ တစ်ညလုံး အိပ်လို့မပျော်ဘူးဟာ ၊ ဟောဒီလို ဟောဒီလို ဖြစ်နေတာ မနက်လင်းခါနီးမှ မှေးခနဲ … ”
“ သေလိုက် … ”
ဒီလိုနှင့်ပင် တဝါးဝါး တဟားဟားနှင့် ဂုဏ်ပြုပွဲသည် ပြီးဆုံးသွားခဲ့၏ ။ အခုမှ ကျွန်တော်လည်း ကျွန်တော့် ပိုက်ဆံလုပွဲကြီးကို ရယ်နိုင်သည် ။ ကားထွက်ခါနီးမှ ပိုက်ဆံပေးဖို့ သတိရသော ကြည်ပြာ ၏ ဦးနှောက်ကို ကျွန်တော်အတော့်ကို ကျေးဇူးတင်ရပါသည် ။ အခုတော့ ကြည်ပြာ နှင့် ကျွန်တော် ချစ်သူဖြစ်တာ တစ်ပတ်ရှိပြီ ။
သို့သော် ကျွန်တော် မကျေနပ် ။
ကျွန်တော့် စိတ်ထဲမှာ လှုပ်ရှား ပြောင်းလဲရသလောက် ၊ အပြင်တွင်တော့ ဘာမှပြောင်းလဲမှုကို မတွေ့ရ ။ ကြည်ပြာ နှင့် ကျွန်တော်သည် နံနက်မိုးလင်း ကျောင်းမှာတွေ့ကြသည် ။ ပြီးတော့ ကြည်ပြာ သည် မိုးမိုး တို့ ယဉ်ယဉ်သိန်း တို့နှင့် အတန်းတက်သည် ။ ကျွန်တော်တို့က လက်ဖက်ရည်ဆိုင် ထိုင်ကြသည် ။ ဟိုယခင်ကအတိုင်း ဘာမှလည်း မထူးခြားလာပါကလား ။
ကြည်ပြာ ကလည်း သူမ သူငယ်ချင်းတွေနှင့်သာ ကပ်၍ နေတတ်သည် ။ နှစ်ယောက် တွေ့ရသည့် အချိန်က ဘာမှ မရှိ ၊ တွေ့ကြသည့် အခါကျတော့လည်း ကြည်ပြာ သည် မနားစတမ်း စကားတွေသည် ။ သူမတို့ အိမ်က ကြောင်ကလေး ဖျားသည့် အကြောင်း ၊ သူမ အစ်မ ဝယ်လာသည့် ဘီဘဲထဘီက လေးဆယ်တိတိ ဈေးများသည့်အကြောင်း ၊ ပိတုန်းပုံ ရင်ထိုးကလစ် ပျောက်သည့်ကိစ္စ ၊ သူမတို့ အိမ်နားက သူငယ်ချင်းညီမ ၏ ရည်စားအကြောင်း တစ်မိနစ်တွင် စကားလုံး နှစ်ရာနှုန်းဖြင့် ကြည်ပြာ ၏ နှုတ်ခမ်းပါးကလေး သည် မှန်မှန် တုန်ခါလျက် ရှိသည် ။ ခဏကလေး စဉ်းစားပြီးလျှင် “ ဟဲ့ သိလား ” ဆိုသည့်စကား နှင့် စကားအနည်းဆုံး နာရီဝက်လောက် မရပ်တမ်း ပြောနိုင်သော နှုတ်ခမ်းကို ကျွန်တော် မောကာ အံ့သြနေသည် ။ နောက်ဆုံး ယဉ်ယဉ်သိန်း တို့ ရောက်လျှင် ရောက်သည့် နေရာမှာ ရပ်ကာ တစ်ခါ ကျွန်တော်တို့ နားလည်နိုင်စွမ်းမရှိသော စကားများကို ပြောကြပြန်သည် ။ အချစ်ဆိုတာ ဘာလဲ ။ ကမ္ဘာကျော် ကဗျာဆရာကြီးများ ၊ ဝတ္ထုရေးဆရာများ ၊ အဘိဓမ္မာဆရာများလည်း ထိုသို့ပင် အချစ်၏ အဓိပ္ပာယ်ကို မဖော်နိုင်ခဲ့ကြပုံပေါ်သည် ။
“ ဟေ့ကောင် … ဇော်မင်းထွေး မင်း ယဉ်ယဉ်သိန်း လက် ကို ဘယ်လို စကိုင်လဲ ”
“ ဟေ … ”
ဇော်မင်းထွေး က ကျွန်တော့်ကို မျက်လုံးပြူးကြည့်သည် ။
“ ကြည်ပြာက မစွံဘူးကွာ ၊ စကားသိပ်များတာပဲ ၊ မင်းတို့ အတွဲ တွေ့လိုက်တာနဲ့ နှစ်ယောက်က တစ်ယောက်တည်း ဖြစ်သွားတာပဲ ။ ကြည်ပြာ က အဲဒီလို မဟုတ်ဘူးကွာ ”
“ ဟ … အစတော့ ဒီလိုပဲပေါ့ကွ ၊ ငါတို့က ကြာပြီကိုး ၊ ပြီးတော့ ကြည်ပြာ ကလည်း ဒါပထမဦးဆုံး ၊ မင်းကလည်း ပထမဦးဆုံး ဆိုတော့ … ”
” ထားပါ ၊ မင်းဘယ်လို လက်စကိုင်သလဲ ။ငါ ကြည်ပြာ့ လက်ကလေးကို သိပ်ကိုင်ချင်တာပဲကွာ ”
အောင်နိုင်စိုး မျက်နှာမှာ စိတ်ပျက်သလို ဖြစ်လာသည် ။ မျက်မှောင်ကို ကြုတ်၏ ။ ခေါင်းကို ခါရမ်းလေသည် ။
“ မသိဘူးကွ ၊ မမှတ်မိတော့ဘူး ၊ ငါကပဲ စကိုင်တာလား သူကပဲ စကိုင်တာလားတော့ မသိဘူး ၊ မင်းနှယ့်ကွာ ရည်းစားဖြစ်နေမှပဲဟာ ”
“ မရဘူးကွ ၊ ကြည်ပြာ ကတော့ ငါ့ကို စကိုင်မယ် မထင်ဘူး ၊ ငါကလည်း ဘယ်လို စကိုင်ရမယ်ဆိုတာ မသိဘူး ဖြစ်နေတယ် ”
“ ကြုံသလို ကြည့်လုပ်ကွာ … ”
ထိုနေ့မှစ၍ ကျွန်တော် ကြည်ပြာ့လက်ချောင်းကလေးများထံ ဂရုစိုက် လေ့လာခဲ့သည် ။ တော်တော် အလုပ်ရှုပ်တဲ့ လက်ချောင်းတွေပါလား ၊ သုံးမိနစ်တစ်ကြိမ် နဖူးပေါ်မှ ဆံပင်ကို ပင့်သပ်တင်သည် ။ မကြာခဏ ခါးအစပ်နားက အင်္ကျီစကို ဆွဲချရသည် ။ စကားပြောလျှင် ရင် အရှေ့မှာ ထိုလက်ချောင်းများသည် ဝေ့ လည်ရှုပ်ယှက်ခတ်ကာ ပုံသဏ္ဍာန်အမျိုးမျိုး ရှိတတ်သည် ။ တစ်ချိန်မှ အားချိန် နားချိန်မရှိ ။ ခဏကလေး ငြိမ်သွားသည့် လက်ချောင်းကလေးများကို ကျွန်တော် ကောက်ယူဖျစ်ညှစ် ဆုတ်ကိုင်ပစ်လိုက်ရမှာလား ။ သို့သော် ကြည်ပြာ သည် လက်ချောင်းများကို ပြန်လည်ဆွဲယူကာ ကျွန်တော့်ကို ထအော်လျှင် ဘယ့်နှယ့်လုပ်မလဲ ။ ရှက်ရတာနဲ့ သေလိမ့်မည် ။
ကျွန်တော်သည် နူးညံ့ညင်သာစွာ ကြည်ပြာ ၏ လက်ချောင်းကလေးများကို ဖွဖွဆုပ်ကိုင်ကာ တိတ်ဆိတ်နေသော နေရာကလေး က ဘာစကားမှ မပြောဘဲ ထိုင်နေချင်ပါသည် ။ လူရှုပ်သော လမ်းမပေါ်မှာ ကြည်ပြာ လက်ချောင်းကလေးများကို တင်းတင်းဆုပ်ကိုင်ကာ လမ်းလျှောက်ချင်ပါသည် ။ သို့မှသာလျှင် ကြည်ပြာ ကို ကျွန်တော် ပိုင်ဆိုင်သည် ဆိုသည့် အသိစိတ်သည် ထင်ရှားကာ ယုံကြည်ဖို့ လွယ်လွယ်ကလေး ဖြစ်၍လာလိမ့်မည် ။ မိန်းကလေးတစ်ယောက်သည် သူ့ချစ်သူ၏ လက်ဖဝါးထဲတွင် သူတို့ လက်ချောင်းကလေးများကို ထိုးသွင်းကာ မိမိချစ်သူ ၏ ချစ်ခြင်းမေတ္တာကို သိရှိခွင့်ရှာကြသည် ။ ရင်ခုန်စွာ လုံခြုံနေကြသည်ဟု ကျွန်တော် ထင်သည် ။ လက်ချောင်းချင်း ချိတ်သွားသော ကျောင်းထဲက ချစ်သူများကို ကျွန်တော် ဝမ်းနည်း အားကျစွာ ငေးမောနေခဲ့သည် ။
ထိုကိစ္စကို ကျွန်တော် သည်းမခံနိုင်တော့ ။ ထိုကိစ္စသည် ကြည်ပြာ က ကျွန်တော့်ကို တကယ် မချစ် ဆိုသည့်အဆင့်ထိ ရောက်အောင် ကျွန်တော့်ကို ခြောက်လှန့်စပြုလာကြပြီ ။ ကြည်ပြာ ဟာ အရပ်ပုပု အူကြောင်ကြောင် လူတစ်ယောက်နဲ့အတူ တွဲလျှောက်ရတာကို ကြောက်လန့်နေသလား ၊ ရှက်နေသလား ၊ တကယ်သာ ချစ်သည် ဆိုလျှင် ကြည်ပြာ ၏ လက်ချောင်းကလေးများ သည် ကျွန်တော့် လက်ဖဝါးထဲကို ရောက်ကိုရောက်လာရမည် ။
ကြည်ပြာ ဟာ ကျွန်တော့်ကို … ။
နောက်ဆုံးတော့ ထိုကြောက်လန့်မှုကို ကာကွယ်ဖို့ ကျွန်တော့်မှာ ရိုးသားစွာ ရင်ဆိုင်ဖို့သာ ဆုံးဖြတ်မိ၏ ။ ထိုနေ့က ကြည်ပြာ နှင့် ကျွန်တော် လူရှင်းသည့် ဗိုလ်တထောင်တက္ကသိုလ် ၏ လှေကားထောင့်ချိုးတွင် ထိုင်နေခဲ့သည် ။ ပြောစရာ စကားကုန်သွားသဖြင့် ကြည်ပြာ နှုတ်ခမ်းကလေး ငြိမ်လျက် ရှိသည် ။ ကျွန်တော် ချစ်ရသော လက်ချောင်းကလေးများကို ကြည်ပြာပေါင်ပေါ်က အမွေးပွ လွယ်အိတ်ကလေးရဲ့ အပေါ်မှာ အသာကလေးတင်ထားခဲ့သည် ။
“ ကြည်ပြာ … ”
“ ဘာလဲ ”
ကျွန်တော် နည်းနည်း ရွံ့ သွားခဲ့သည် ။
“ ငါ… နင့်ကို ပြောစရာတစ်ခု ရှိလို့ဟာ ”
ကြည်ပြာ က နှုတ်ခမ်းများကို စိတ်ပျက်သလိုဆွဲဆန့်ကာ မျက်စောင်း ထိုးသည် ။
“ ပြော … ပြော …ဘာလဲ ”
ကျွန်တော့် ရင်သည် ဖျတ်ခနဲ ခုန်၍ သွားခဲ့သည် ။
“ ဟို … ဟိုလေ … နင် စိတ်တော့ မဆိုးပါနဲ့ဟာ ။ ငါကလေ … အဲဒါ… နင့်လက် … ဟိုလက်ကလေးကို ဟာ ၊ အဲဒါ .. ကိုင်ထားချင်လို့ ”
“ ငါ့လက်ကို … ”
ကြည်ပြာ က အလန့်တကြား ထအော်သည် ။
“ နင်ကလည်း ဟာ … အော်လိုက်တာ ။ ဟိုလေ ငါက အသား ယူချင်လို့ မဟုတ်ပါဘူးဟာ ၊ ဒါပေမဲ့ … ”
“ တော်ပြီ … တော်ပြီ ဆက်မပြောနေနဲ့တော့ ၊ နင်တို့ ယောက်ျားလေးတွေဟာ သစ်ကုလားအုပ် နဲ့ အတူတူပဲ ။ တော်တော် ကိုင်ချင်နေတယ်ပေါ့ ဟုတ်လား ”
“ မဟုတ်ပါဘူး ဟာ … ငါက … ”
“ အို … ဘာမှ မပြောနဲ့တော့ ဆို … ရော့ ၊ ဒီလောက် ကိုင်ချင်နေရင် ရော့ ၊ ရော့လေ ”
ကြည်ပြာ သည် ဒေါသထွက်သော မျက်ဝန်း ၊ စိတ်ဆိုးနေသော နှုတ်ခမ်း တို့ဖြင့် သူမ ညာဘက် လက်ကို ကျွန်တော့်အရှေ့သို့ တွင်တွင် ထိုး၍ပေးလေတော့သည် ။ ကြည်ပြာ ၏ လက်ချောင်းမှာ တုတ်တစ်ချောင်း နှင့် ဘာမှ မခြားတော့ ။ ကျွန်တော် ကြေကွဲသွားခဲ့သည် ။
“ရော့ … လေ ။ ကိုင် ချင်တယ်ဆို … ကိုင်ကိုင် ကြိုက်သလောက် ကိုင် ”
“ တော်ပါတော့ ကြည်ပြာ ရယ် ၊ ငါ … မကိုင်ချင်တော့ပါဘူး ။ ငါ ဒါမျိုးလိုချင်တာ မဟုတ်ဘူး ၊ နင့်လက်ကြီးကို ပြန်ယူလိုက်တော့ ဟာ ”
“ ဪ … ဒါမျိုး မကိုင်ချင်လို့ ဘယ်လိုမျိုး ကိုင်ချင်တာလဲ ။ ငါ့ လက်ကို ဖြတ်ပေးလိုက်ရမှာလား ”
“ တော်ပါတော့ဟာ ။ ငါက မရိုးမသား အထင်ခံရမှာစိုးလို့ ရိုးရိုး သားသား အသိပေးပြီး .. ”
“ အသိပေးတာ … အမလေး အံ့ပါ့ ၊ အံ့ပါ့ ၊ ရိုးသားပါပေတယ်ရှင် ။ ရိုးသားပါပေတယ် ”
ဤသို့ဖြင့် ကျွန်တော် ကြည်ပြာ့ လက်ချောင်းကလေးများဖြင့် ဝေးခဲ့ရသည် ။ ထို့နောက်တွင် ကြည်ပြာ သည် သူမ လက်ချောင်းများကို ထင်သလို မထားတော့ ။ ကျွန်တော် ငြိမ်သွားလျှင် မသက်သာသလို ကြည့်တတ်သည် ။ လက်ချောင်းများကို ကာကွယ်လာသည် ။ ကျွန်တော် နှင့် နှစ်ယောက်ချင်း ကျောင်းဝင်းထဲမှာ ထိုင်ကြသည့်အခါ တိတ်ဆိတ်မှု ရှိမနေအောင် စကားကို တွင်တွင်ပြောတော့သည် ။ လမ်းအတူ လျှောက်ကြသည့် အခါ လက်ဖဝါးချင်း မတော်တဆ ထိသည့်အခါတွင်တောင်မှ ကြည်ပြာ သည် ကျွန်တော့် ကို သံသယမျက်လုံး များဖြင့် လှမ်းကြည့်ကာ သူငယ်ချင်းတစ်ယောက် ၏ နံဘေးသို့ နေရာရွှေ့သွားတတ်၏ ။ ဝမ်းနည်းရပါသည် မကြည်ပြာ ။
လွင်ဦး ကတော့ “ မလိုအပ်ဘဲ မရိုးသားချင်ပါနဲ့ကွာ ။ မင်းက တရားဝင် သွားပြောတော့ ရှက်သွားတာပေါ့ ။ အမှန်ဆို ဒါဟာ မသိမသာနဲ့ ပြီးရမယ့် ကိစ္စမျိုး ကွ ” ဟု ဆုံးမ၏ ။ အခြားလူတွေအတွက် အရာရာ လက်တစ်ကမ်းစာဟာ သားနဲ့ ကျတော့ ဘာကြောင့် ယူဇနာ သန်းပေါင်းများစွာ ဝေးကွာခက်ခဲနေတာလဲ အမေ ။
ဒီလိုနဲ့ တစ်လ ဆိုသည့် အချိန်သည် ရင်တစ်ဝက်သာ ခုန်ကာ ကုန်သွားခဲ့လေသည် ။ချစ်သူ ဆိုသည့် ခေါင်းစဉ်အောက်တွင် ကြည်ပြာ နှင့် ကျွန်တော် သည် သူစိမ်းဆန်နေဆဲ ။ အသိတရား တစ်ခုတည်းနှင့် ဆက်သွယ်နေရဆဲ ။
နောက်ဆုံး သူငယ်ချင်းတွေက ကူညီကြသည် ။ ကန်တော်ကြီး သွားကြမည် ။ ကျွန်တော့် ရင်သည် ငြိမ့်ခနဲ ခုန်သွားသည် ။ ဒါ ကျောင်း ပရိဝုဏ် ပြင်ပမှာ ကြည်ပြာ နှင့်ကျွန်တော် ပထမဦးဆုံး တွေ့ခွင့်ရသည့် ပွဲ ။ ကျွန်တော် မျှော်လင့်ချက်များ ပြည့်စုံသွားနိုင်ပါ၏ ။ သို့သော် ကျွန်တော် ဝမ်းနည်းရပါသည် ။ကြည်ပြာ က သူမ မလိုက်ပါဟု ငြင်းသည် ။
မိုးမိုး က “ နင်ပဲ ရအောင်ခေါ်တော့ဟာ ။ ကြည်ပြာ က လုံးဝ မလိုက်ဘူး ” တဲ့ ။ ကျွန်တော် ကြည်ပြာ နံဘေးသို့ ရောက်ခဲ့သည် ။ ကြည်ပြာသည် ဦးခေါင်းကို မမော့သော်လည်း မျက်နှာကတော့ မာထန်နေလိမ့်မည်ဆိုတာ သေချာပါသည် ။
“ ကြည်ပြာ … ”
ဦးခေါင်းကို မမော့ ။
“ ကြည်ပြာ ”
“ လာပြောမနေနဲ့ ၊ နင်တို့ အကြံ ငါသိတယ် ”
“မဟုတ်ပါဘူးဟာ ။ အခုဟာက ဘာမှ အကြံ မရှိပါဘူး ။ နင် မလိုက်ဘူး ဆိုတော့ မိုးမိုး တို့က စိတ်မကောင်းကြဘူးပေါ့ ဟာ ”
“ သူတို့နဲ့ ဘာဆိုင်လို့လဲ ”
ကြည်ပြာ က သက်ပြင်းချရင်းက ပြောသည် ။
“ ဘယ်သူ့ကြောင့် နင် မလိုက်တာလဲ ။ ငါ့ကြောင့်လား ၊ နင် နဲ့ ငါ က ချစ်သူတွေလေဟာ … ဟို … ”
“ခဏ ခဏ မပြောနဲ့ နားငြီးတယ် ။ ဟုတ်တယ် နင့်ကြောင့် ”
“ ငါက ဘာဖြစ်နေလို့လဲဟ ။ နင်နဲ့ ငါနဲ့ အတူသွားရမှာကို ရှက်နေလို့လား ။ အေးလေ ငါကလည်း … ”
“ မဆိုင်လိုက်တာ ၊ ငါ နင့်ကို မယုံဘူး ။ နင် ငါ့ကို ကတိတစ်ခု ပေးမလား ။ ဒါဆို ငါလိုက်မယ် ”
“ ပေးမယ်ဟာ … ပြော ”
ကြည်ပြာ က ကျွန်တော့် မျက်နှာကို စိုက်၍ကြည့်သည် ။ အတည်ငြိမ်ဆုံးဖြစ်အောင် ပြင်သည် ။ ပြီးတော့ တစ်ခွန်းချင်း ပြောသည် ။
“ နင် ငါ့ကို ဟိုလေ မဖက်ဘူး ။ မနမ်းဘူး လို့ ကတိ ပေးမလား ”
ထိုစကားလုံးများသည် ကျွန်တော့်ရင်ကို ဖြန်းခနဲ ရိုက်ပုတ်လိုက်ကာ ကျွန်တော့် ဦးခေါင်းကို အောက်သို့ တွဲလောင်းကျစေခဲ့သည် ။ ကျွန်တော် အတော် ရှက်ကာ အရမ်းဝမ်းနည်းသွားခဲ့သည် ။
“ ဒါဟာ အချစ်ရဲ့ အမှတ်တမဲ့ ဖြစ်မှုတွေပါဟာ နမ်းတယ် ဆိုတာ သူ့အလိုလို ဖြစ်လာတာပါ ။ လုပ်ယူလို့ မရပါဘူး ”
“ အို စာထဲကဟာတွေ လာရွတ်မပြနဲ့ ။ ပေးမလား ၊ မပေးဘူးလား ပြော ”
“ ပေးပါတယ်ဟာ ပေးတယ် ။ လုံးဝ နင့်ကို မထိဘူး သိလား ”
ကျွန်တော်က ခေါင်းငိုက်စိုက်ချ ၊ ကြည်ပြာက မျက်နှာထား တင်းတင်းနှင့်ပင် ကန်တော်ကြီးထဲ ရောက်ခဲ့ကြသည် ။ ဟိုနှစ်တွဲကတော့ ပလီပလာ တီတီတာတာ နဲ့ အတော့်ကို မျက်စိနောက်ဖို့ကောင်းသည် ။ ကိုယ်ချင်းစာချင်စိတ် နည်းနည်းကလေးမှ ရှိပုံမရကြ ။
ဒီလိုနှင့်ပင် ကန်ရေရိပ် က သစ်ပင်အောက် ရောက်ခဲ့သည် ။ ဟိုနှစ်တွဲ မရှိတော့ ကြည်ပြာ က မျက်နှာကို အမာထန်ဆုံး တင်းထားကာ စာအုပ်ထဲ က စက္ကူတစ်ရွက်ကို ဖြဲကာ ထိုင်သည် ။ ပြီးတော့ ကျွန်တော့် ကို စိတ်ချရပါ့မလားဆိုသည့် မျက်နှာဖြင့် ကြည့်သည် ။ ရှိစေတော့ ။
“ ရဲဝင်း … နင့် လွယ်အိတ်ပေး ”
“ … … ”
“ ပေးလေ ”
အော်သံက မာထန်လွန်းလှပါလား ။ ကျွန်တော် လွယ်အိတ်ကို ချွတ်ပေးလိုက်တော့ ကြည်ပြာ က သူ့ လွယ်အိတ်နှင့် ကျွန်တော့် လွယ်အိတ်ကို နှစ်ယောက်အကြားမှာ အသေအချာ ချသည် ။ ပြီးတော့ မဲ့ရွဲ့ကာ တစ်ဖက်သို့ လှည့်သွားပြီး သူမ လက်ကလေးများကို လုံခြုံစွာ အရှေ့သို့ ယူသွားလေသည် ။
လေပြည်သည် ကန်တော်ကြီးရေပြင်ပေါ်မှာ ရှပ်တိုက်ကာ ပြေးလွှားလာသည် ။ လှိုင်းကလေးများက ကမ်းစပ်သို့ ပြေးလာကာ ကမ်းစပ်တွင် ကွယ်ပျောက်သွားကြသည် ။ ရေအစပ်က မြက်ပင်ရှည်ကလေး တွေက ဦးခေါင်းတညိတ်ညိတ်ဖြင့် ကျွန်တော့်ကို လှောင်ပြောင်နေကြသည် ။ တိတ်ဆိတ်မှုသည် အနူးညံ့ဆုံး ဆွဲဆောင်မှုဖြင့် လွတ်လပ်ခြင်း ၊ လျှို့ဝှက်ခြင်းတို့ထံ ခေါ်ဆောင်ဖို့ နေရာအနှံ့မှာ ရှိနေခဲ့ကြသည် ။
သစ်ရွက်လေတိုးသံ ၊ ကျီးအာသံ သဲ့သဲ့တို့ဖြင့် ဖွဲ့စည်းထားသော ကန်တော်ကြီး သစ်ပင်ရိပ်များ အောက်မှာ ကျွန်တော်တောင့်တင်းမာခဲစွာ ထိုင်နေရသည် ။ လေပြည်သည် ကြည်ပြာ ၏ လည်ကုပ်အစပ်မှ ဆံစကလေးများကို လွှင့်တင်ပင့်မြှောက်လိုက်သည့်အခါ ကြည်ပြာ က ဆံပင်လေးများကို သပ်ရပ်အောင် ပြန်ပြုပြင်တတ်သည် ။ တကယ်ဆိုလျှင် ဒီအချိန်ဟာ နားလည်မှု တစ်ခုရဲ့အောက်မှာ နွေးထွေး နူးညံ့စွာ ချိုမြိန်ခွင့် ရရှိမယ့်အချိန် ။ အခုတော့ အချစ်ဆိုတာ ဒီလို တိတ်ဆိတ်အေးစက်စက် မာကြောကြာကြီးပါလား ။ ကျွန်တော် ကြည်ပြာ ၏ အနီကလေး ပေါ်မှ စာလုံးများကို ဖတ်နေမိသည် ။ ကျွန်တော့် ကို ကြည်ပြာ နားလည်လာမှာလား ။ သို့သော် တော်တော်ကြာသည်အထိ ကြည်ပြာ သည် ကျွန်တော့် ဘက်ကို လုံးဝ လှည့်လာခြင်း မရှိ ။ ကန်ရေပြင် အဝေးသို့သာ ငေးမောနေခဲ့သည် ။
ကျွန်တော် တစ်ဖက်လှည့်ကာ ကြေကွဲနေမိသည် ။ မကြည့်ချင်တော့ ။ ဘာကိုမှလည်း မသိချင်တော့ ကြည်ပြာ ကျွန်တော့်ကို မချစ်တာ သေချာပြီ ။ ကျွန်တော် ဝမ်းနည်းစွာဖြင့် မြက်ပင် တစ်ပင်ကို ဆွဲနုတ်သည် ။
အပိုင်းပိုင်း အစစ … ။
ထိုစဉ်မှာပင် မြေပြင်မြက်ပင်များအကြားတွင် လျှောက်သွားနေသော ပုရွက်ဆိတ်နီနီကလေးများကို တွေ့ရသည် ။ ကြည်ပြာ လည်ကုပ်ကလေး ကို မလုံမလဲလှမ်းကြည့်မိသည် ။ “ နေရာတကာ မရိုးသားကွ … ” ဆိုသော သူငယ်ချင်း၏ စကားကို သတိရမိသည် ။ အေး တွေ့ကြသေးတာပေါ့ မကြည်ပြာ ။
ကျွန်တော် ခေါင်းကြီးကြီး ပုရွက်ဆိတ် တစ်ကောင်ကို ဖမ်းယူကာ ကြည်ပြာ လည်ကုပ်အစပ်ပေါ် အသာကလေး ခါချသည် ။ ကျွန်တော့် ရင်သည် တဝုန်းဝုန်း တဒိုင်းဒိုင်းကြည်ပြာများ လှည့်လာမလား ။ပုရွက်ဆိတ်သည် ဖြူဖွေးသော လည်ကုပ်ပေါ်အကျတွင် ကြောက်လန့်တကြား အရပ်ရှစ်မျက်နှာသို့ လှည့်သည် ။ ထို့နောက် ကြည်ပြာ ၏ တီရှပ်ကလေးမှ ဟနေသော ကျောရိုးထဲ ပြေးဝင်သွား၏ ။ ထို ပုရွက်ဆိတ် သည် ကြည်ပြာ ၏ လည်ကုပ်အစပ်မှ အမွှေးနုကလေးများအပေါ်မှာ လျှောက်သွားနေခြင်း ဖြစ်ရမည် ။ ကြည်ပြာ လုံးဝ မသိ ။
နောက်တစ်ကောင်
နောက်တစ်ကောင် … နောက် ။
ငါးကောင်တိတိ ရှိသောအခါ ကျွန်တော့် ရင်သည် ထိန်းသိမ်း မရတော့လောက်အောင် တုန်နေခဲ့သည် ။ ကျွန်တော် တစ်ဖက်သို့ လုံးလုံး လှည့်ပစ်လိုက်သည် ။ ကြည်ပြာ က တားမြစ်ထားသော ဆေးပေါ့လိပ် ကိုပင် ထုတ်ကာ သောက်လိုက်သေးသည် ။ မီးခြစ်ခြစ်သံကြောင့် ကြည်ပြာကလှည့်ကြည့်သည် ။ သို့သော် ဘာမှ မပြော ။ ကျွန်တော့် ရင်တွေ တဝုန်းဝုန်း တဒိုင်းဒိုင်း ။
ကျွန်တော်က လက်ဖြင့် ဖိဖမ်းသဖြင့် အတော် နာကျင်သွားသော ပုရွက်ဆိတ် များသည် ဒေါသထွက် နောက်ကျလှချည်လား ။ သေအံ့မူးမူးများ ဖြစ်ကုန်ပြီလား ။ ကျွန်တော်ကတော့ ယုံကြည်စွာပင် လုံးဝ လှည့်မကြည့် ။ အချိန်သည် အပြင်မှာ တိတ်ဆိတ်နေသော်လည်း ရင်ထဲမှာ ဝုန်းဒိုင်းကျဲနေပါသည် ။ ကျွန်တော် အသက်ရှူ သိပ်မမှန်ချင်တော့ ။ ထိုစဉ် ဟဲ့ ဆိုသော အသံထွက်လာ၏ ။ ကျွန်တော် လှည့်ကြည့်တော့ ကြည်ပြာ ပခုံးကလေးကို တွန့်သည် ။ ကျွန်တော် ဝမ်းသာလိုက်သည့် ဖြစ်ခြင်း ၊ လုံးဝ အခြားဘက်သို့ လှည့်နေလိုက်သည် ။
“ ဟဲ့ … ဟဲ့ … ”
ကြည်ပြာ သည် ပခုံးကို တွန့်ဆတ်ကာ လက်ကို နောက်ပစ်၍ အင်္ကျီကို စမ်းသည် ။ ခန္ဓာကိုယ်က အနည်းငယ် ကွေးလာသည် ။
“ အမလေး ကိုက်တယ် ၊ ကိုက်တယ် ”
“ …. … ”
“ ဟဲ့ … ရဲဝင်း … အား … ၊ ဒုက္ခပါပဲ ။ ငါ့ကို ဘာ ကောင်လဲ မသိဘူး ။ ကျောမှာ ကျောဘက်မှာ ”
ကြည်ပြာ သည် ကျွန်တော့်အနား စွေ့ ခနဲ တိုးကပ်လာသည် ။
“ လုပ်ပါဦး ရဲဝင်း ရဲ့ ။ ကိုယ်တယ်ဟ ၊