Novel

#မန်ကျည်းကိုးပင်

—————————-မစန္ဒာ

 

“ကိုမျိုးက ကျွန်မကို သိပ်ချစ်တာ”

 

မအေးမြက ပြောတတ်သည်။

 

“ကျွန်မ အဖေက အမေ့ကို သိပ်ပြီး နှိပ်စက်တာပဲ။ အရက်လည်းသောက်၊ ဖဲလည်းရိုက်၊ ဒီကြားထဲ အမေ့လုပ်စာ စားနေပြီး အမေ့ကိုလည်း ရိုက်ချင်နှက်ချင်သေးတယ်။ အဖေ့ကို ကျွန်မ နည်းနည်းမှ မချစ်ဘူး။ ကျွန်မ ကြီးလာရင် ယောင်္ကျား မယူဘူးလို့ ဆုံးဖြတ်ထားတာ။ ယောင်္ကျားတွေရဲ့ မေတ္တာကို ကျွန်မ နည်းနည်းမှ မယုံဘူး”

 

ထိုအခါမျိုး တွင်တော့ ကျွန်မ ပြုံးမိပါသည်။ မယုံလျှင် ဘာကြောင့်များ ယောင်္ကျား ယူထားသေးသတုံး ဟု တွေးရင်း ပြုံးကြောင်းကို မအေးမြ ကလည်း သိပါသည်။

 

“ကိုမျိုးကိုလည်း ကျွန်မ မယုံချင်ပါဘူး အစ်မရယ် ဒါပေမယ့် ဘာလို့လဲ မသိဘူး။ ယုံသွားတယ်”

 

“ဘာကို ယုံတာလဲဟင်”

 

“သူက ကျွန်မကို တကယ် ချစ်တယ်၊ တကယ် ညှာတယ်၊ တစ်သက်လုံး မဖောက်မပြားနဲ့ ကြင်ကြင်နာနာ ရှိလိမ့်မယ် ဆိုတာတွေကိုပေါ့ အစ်မရယ်”

 

မအေးမြက ရှက်ပြုံးလေးနှင့် ပြောသည်။ မအေးမြ၏ ပင်ကို အမူအရာသည် ဆိုးဆိုးဆတ်ဆတ်နှင့် သွက်လက် ထက်မြက် သော်လည်း ထိုအခါမျိုးတွင်တော့ နူးညံ့ပြီး ပျော့ပျောင်း သွားတတ်ပါသည်။

 

“သူ ကျွန်မကို စကြိုက်တုန်းက ကျွန်မ အသက် ၁၈နှစ်ပဲ ရှိသေးတာ၊ ကျွန်မက ထွေလီကာလီတွေ များနေတော့ ကျွန်မ အသက် ၂၈နှစ်ကျမှ လက်ထပ်ဖြစ်တာ၊ ဒီခေတ်ကြီးထဲမှာ အစ်မရယ် ဘယ်ယောင်္ကျားက ဒီလောက်ကြာအောင် ဇွဲကောင်းမှာလဲ”

 

“ဟုတ်ပါရဲ့၊ ခုမြင် ခုကြိုက် ခုကွဲတဲ့ခေတ်မှာ ၁၀ နှစ် တောင် ဇွဲကောင်းကောင်းနဲ့ စောင့်တယ်ဆိုတာ တော်ရုံ မေတ္တာမှ မဟုတ်တာ”

 

“ဒါကြောင့်မို့လို့လည်း ကျွန်မ ယုံမိတာပေါ့ အစ်မရယ်”

 

ကျွန်မသည် မအေးမြကိုကြည့်ရင်း အတွင်းစိတ်မှ ကျိတ်ပြီး အားကျနေမိပါသည်။ အမှန်အတိုင်း ၀န်ခံရလျှင် အနည်းငယ် မနာလိုဖြစ်မိပါသည်။ ကျွန်မ၏ ချစ်သူသည် မအေးမြ ယောက်ျား ကိုအောင်မျိုး၏ သုံးပုံတစ်ပုံသာ ဇွဲကောင်းခဲ့လျှင် မည်မျှ ကောင်းလေမည်နည်းဟု ၀မ်းနည်းစိတ်နှင့် တွေးမိသည်။ ထိုသို့သာဆိုလျှင် ကျွန်မလည်း အခုလို တစ်ကိုယ် တည်း အပျိုကြီးဖြစ်နေရလိမ့်မည် မဟုတ်ပါချေ။

 

“ငါ့လူကတော့ဟယ်… နင့်လို ၁၀ နှစ် မဟုတ်ပါဘူး၊ မိဘကို လုပ်ကျွေးချင်လို့ ၃ နှစ်လောက် စောင့်ပါဆိုတာ…”

 

“မစောင့်ဘူးလားဟင်”

 

“မစောင့်လို့ ငါ့မှာ ဒီလိုဖြစ်နေတာပေါ့ဟဲ့။ တစ်နှစ်လောက်ပဲ စောင့်ရသေးတယ်။ သူတို့ရုံးက ကောင်မလေး တစ်ယောက်နဲ့ ချိတ်မိသွားပြီး ဗြုန်းစားကြီး လက်ထပ်သွားတာပဲ”

 

“ဟောတော့”

 

မအေးမြက ကျွန်မကို သနားသလိုကြည့်နေပါသည်။ မရှက်တမ်း ၀န်ခံရလျှင် ကျွန်မကလည်း ကျွန်မကိုယ် ကျွန်မ သနားပါသည်။ ငါ့နှယ် အေးအေးဆေးဆေး ထိုင်ပြီး ရွှေပေါင်ခံ၊ ငွေတိုးစားနေတာ။ အလကားနေရင်း မိဘကျေးဇူးကို တုံ့ပြန်မလေး ဘာလေးနဲ့ အချိန် ဆွဲမိတယ်ဟု ကိုယ့်ကိုယ်ကို လည်း အပြစ်တင်မဆုံးအောင် ဖြစ်ခဲ့ရသည်။

 

သူ လက်ထပ်သွားစဉ်က စိန်နှင့် သံပရာပဲ သောက်ချင် သလိုလို၊ စစ်ကိုင်းချောင် ပြေးပြီး မယ်သီလရှင်ပဲ ၀တ်ချင်သလိုလိုနှင့် လူးပြီး လိမ့်နေအောင် ခံစားခဲ့ရပါသည်။ အခုတော့လည်း ဘာမျှ မလုပ်ဖြစ်သည်ကိုပင် ကိုယ့်ကိုယ်ကို ကျေးဇူး တင်နေရပါသေးသည်။ အချိန်ဟူသော ဆေးဆရာကြီးက ကျွန်မ၏ ရင်ထဲမှ အနာကို ကောင်းမွန်စွာ ကျက်ပြီး အနာဖေး တက်အောင် ကုစားပေးခဲ့ပြီး ဖြစ်ပါသည်။

 

“နင့် ကိုမျိုးကရော ၁၀ နှစ်လုံးလုံး နင့်ကို ငုတ်တုတ် ထိုင်ပြီး စောင့်နေတာပဲလား၊ ဒီကြားထဲမှာ ဘယ်သူနဲ့မှ မချိတ်မိ ဘူးလား”

 

“ဒါကတော့ အစ်မရယ် ဟိုကောင်မလေး၊ ဒီကောင် မလေးနဲ့တော့ နည်းနည်းပါးပါး ရိုးတိုးရိပ်တိပ်ကလေးတွေ တော့ ရှိတာပေါ့။ ဒါပေမယ့် သူချစ်တာက ကျွန်မ တစ်ယောက်တည်းကိုပါ”

 

“သြော်…”

 

“ဟုတ်တယ်၊ ကျွန်မကိုသာမရရင် သူ့ဘ၀ ပျက်စီးမှာ”

 

“ဘယ်သူက ပြောသလဲဟင်”

 

“ကိုမျိုးက ပြောတာပေါ့”

 

“သြော်…”

 

“သူ့အချစ်၊ သူ့မေတ္တာ တွေက တစ်နေ့တခြား တိုးသထက်သာ တိုးလာမယ်။ ဘယ်တော့မှ လျော့မသွားဘူး၊ ပျက်ပြယ်မသွားဘူးတဲ့ သိလား အစ်မရဲ့”

 

“ဘယ်သူ့ မေတ္တာတွေလဲ ဟင်”

 

“ကိုမျိုးရဲ့ မေတ္တာတွေ လေ”

 

“သြော်… ကိုမျိုးက ပြောတာလား”

 

“အင်းပေါ့ အစ်မကလည်း”

 

မအေးမြက ကျွန်မကို “အ”ရန်ကောဟူသော အကြည့်နှင့် ကြည့်ပါသည်။ သူ ကျွေးသော လက်ဖက်သုတ်ကလေးက စား၍ ကောင်းနေသောကြောင့် ကျွန်မလည်း ငြိမ်နေလိုက်ပါ သည်။ ဒီလိုအပြောမျိုးလေးတွေကို ကျွန်မ၏ ချစ်သူလည်း ပြောခဲ့ဖူးကြောင်းကို ပြိုင်ပြီး ပြောပြ မနေချင်တော့ပါ။

 

“ကိုမျိုးက သိပ်ပြီး လက်ရေးလှတာ”

 

“ဟုတ်လား”

 

“ကျွန်မတို့ ဆယ်တန်းဖြေတော့လေ ကျွန်မအတွက် မှတ်စုတွေကို ဒိုင်ခံကူးပေးတာ၊ စာရေးစက္ကူ အပြာရောင်နဲ့လေ၊ ရှင်းပြီး သန့်နေတာပဲ၊ အစ်မ ကြက်သွန်ကြော်လေး ထပ်ထည့်ဦး မယ်လေ”

 

“လက်ဖက်သားပါထည့်ပါအေ၊ နင့်လက်ဖက်က ဆီစိမ်ပြီး နှပ်ထားလို့ ထင်ပါရဲ့။ အိပြီး နပ်နေတာပဲ။ စားလို့ ကောင်းလိုက်တာ”

 

“ကိုမျိုးကြိုက်တတ်လို့လေ အစ်မရဲ့၊ ကြက်သွန်ဖြူ ငရုတ် သီးစိမ်းလေးတွေကို ပါးပါးလှီးပြီး ထည့်နယ်ထားတာ”

 

“ဟုတ်ပါရဲ့ မွှေးနေတာပဲ”

 

မအေးမြက လက်ဖက်သားရော အကြော်ပါ ထပ်ပြီး ထည့်ပါသည်။ စားကောင်းတိုင်း စားရလျှင် ညနေစာပါ လွတ်တော့မည်။

 

“ထမင်းကြမ်းလေးများ မရှိဘူးလားဟယ်၊ လက်ဖက်သုတ်နဲ့့ ထမင်းကြမ်းဆိုတာ အင်မတန် လိုက်တာ”

 

“ရမယ် အစ်မ ရမယ်”

 

မအေးမြက ကြောင်အိမ်ထဲမှ ထမင်းကြမ်း ယူလာပေး သည်။

 

“ဒီလိုဆို ညနေစာထမင်း စောစောချက်မှ၊ ကိုမျိုးကလည်း အစ်မလိုပဲ ထမင်းကြမ်း အင်မတန်ကြိုက်တယ်၊ ထမင်း ပူနေရင် မစားချင်ဘူးတဲ့၊ သူ့အတွက် ထမင်းကြမ်း ကျန်ချင်ကျန်၊ မကျန်ရင် စောစော ချက်ပေးရတယ်၊ ဒါမှ သူ စားရင် မအေးတောင်မှ နွေးရုံပဲရှိတယ်”

 

မအေးမြက နာရီကိုလှမ်းကြည့်သည်။

မွန်းလွဲ ၂ နာရီပင် ရှိသေးသော်လည်း ချက်ချင်းပင်ထပြီး ဆန်ဆေးသည်။ မီးသွေးမီးဖိုကို မီးမွှေးသည်။

 

“ထမင်းကိုသာ ပူရင် မကြိုက်တာ၊ ဟင်းကျတော့ ပူမှ အစ်မရေ၊ အေးရင် မကြိုက်ပြန်ဘူး”

 

“ကိုမျိုးကလား”

 

“အင်းပေါ့၊ မီးသွေးမီးဖို ဆိုတာ ချက်ချင်းမွှေးလို့ ရတာ မဟုတ်ဘူး၊ လျှပ်စစ်မီးဖိုလည်း မရှိတော့ သိပ်ခက်တာပဲ၊ တစ် ခါတလေ ဘာမှတည်စရာ မရှိတော့ဘဲနဲ့ ဟင်းနွှေးရင် လွယ် အောင်လို့ မီးသွေးမီးဖိုကို မီးမငြိမ်းသေးဘဲ တငွေ့ငွေ့ မျှဉ်းပြီး ထားရတယ်၊ မီးသွေး သိပ်ကုန်တာ၊ မီးသွေးစျေးကလည်း အစ်မသိတဲ့ အတိုင်း”

 

“အောင်မယ်လေး မီးသွေးဖိုးကို မေတ္တာတန်ခိုးနဲ့ မေ့ပစ် လိုက်စမ်း”

 

ကျွန်မကပြောတော့ မအေးမြက ဟက်ဟက်ပက်ပက် ရယ်လေသည်။

 

“မေတ္တာက မေတ္တာ မီးသွေးက မီးသွေး၊ တခြားစီပဲ အစ်မရဲ့၊ မေ့လို့မရဘူး”

 

မအေးမြရယ်လျှင် သွားတက်ကလေး ပေါ်လာပြီး အတော်လေး ချစ်စရာကောင်းပါသည်။ အိမ်ထောင်သက် ၃ နှစ်ကျော်ပြီဖြစ်သော်လည်း ကလေးမရသေးသဖြင့် ကိုယ်ခန္ဓာ အလှလည်း မလျော့ပါးသေးချေ။ ကျစ်ကျစ်လျစ်လျစ်နှင့် လှပနုပျိုဆဲပဲ ဖြစ်ပါသည်။

 

“နင်တို့ ကလေး မယူသေးဘူးလား”

 

လက်ဖက်ကလည်း စားကောင်းကောင်းနှင့်မို့ ကျွန်မက အေးအေးဆေးဆေးစားရင်း စပ်စုမိပါသည်။

 

ညနေစာထမင်းကိုတော့ အေးအေးဆေးဆေးမှ ပြန်ချက် တော့မည်။ အမေကလည်း စောစောမဆာတတ်။ ကျွန်မက လည်း မအေးမြကောင်းမှုနှင့် ဆာပင် ဆာတော့မည်မဟုတ်။ စိန်ပေါင် ရွှေပေါင်သူများ လာလျှင်လည်း အမေ ကြည့်လုပ် လိမ့်မည်။ လိုလျှင် လှမ်းခေါ်လိမ့်မည်။

 

“မယူသေးတာမဟုတ်ဘူး အစ်မရဲ့ မရသေးတာ”

 

“ကလေးမရသေးရင် မကောင်းဘူး မအေးမြရဲ့၊ မြန်မြန် ရအောင်လုပ်”

 

“ဘာဖြစ်လို့လဲ”

 

“ဟ… ဒါက အိမ်ထောင်မြဲအောင်လုပ်တဲ့ ကြိုးလေးပဲဟာ၊ တော်ရုံတန်ရုံ စကားများတာပေမယ့် ကလေးမရှိတဲ့ လင်မယားတွေဆို ကွဲကုန်ရော၊ ထောက်ထားစရာ သားသမီး မရှိဘူး မဟုတ်လား”

 

ဖိုခုံလောက်ဆိုင်ထားသော ထင်းရှူးစလေးများပေါ်သို့ မီးခြစ်ဆံကို ချလိုက်သည်။ ဟုပ်ခနဲတက်လာသော မီး တောက်ကလေးများကို တွေ့ရသည်။ မအေးမြက မီးသွေးခဲ ခပ်တန်တန် ကလေးများကို အပေါ်မှ အသာတင်လိုက်သည်။

 

“ကျွန်မတို့ လင်မယားကတော့ ရှင်ကွဲကွဲစရာ အကြောင်း မရှိပါဘူး အစ်မရယ်”

 

မအေးမြက မီးတောက်ဝါ၀ါလေးကိုကြည့်ရင်း ခိုင်မာစွာ ပြောသည်။

 

“ဖွဟဲ့ လွဲပါစေ ပယ်ပါစေ၊ သေကွဲ ကွဲရင်တောင်မှ အောက်ချင်းငှက်တွေလို လိုက်သေပစ်မှာ”

 

“အံမယ်… အဟုတ်လား”

 

“မရယ်ပါနဲ့ အစ်မရဲ့ တကယ် ပြောတာပါ၊ သူအရင် သေရင်လည်း ကျွန်မ လိုက်သေမှာပဲ၊ ကျွန်မ အရင်သေရင်လည်း သူ လိုက်သေမှာပဲ”

 

“အောင်မယ်လေး… ရိုမီယိုနဲ့ ဂျူးလိယက်သေလို့ ၀င်စားကြတာလားဟ”

 

ဒီတစ်ခါတော့ လက်ဖက်မျက်နှာကိုပင် မထောက်နိုင် ကျွန်မ ရယ်မိပါတော့သည်။ ကျွန်မ ရယ်တော့ မအေးမြ၏ မျက်နှာကလေး ရဲတက်လာပါသည်။

 

“တကယ်ပြောတာ အစ်မရဲ့၊ ဟင်း… မယုံရင် စောင့် ကြည့်ပါလား”

 

“မကြည့်ပါရစေနဲ့ မအေးမြရယ်၊ နင်တို့လည်း ဘယ်သူမှ မသေကြပါနဲ့ဦး”

 

မအေးမြက မခံချင်ဖြစ်လာဟန်နှင့် ရေနွေးကြမ်းအိုးကို ဆောင့်၍ ချလိုက်ပါသည်။ ထို့နောက် မသိမသာလေး မျက် စောင်းခဲကာ နှုတ်ခမ်းစူ၍ပြောသည်။

 

“ဟင်း… ကျွန်မက တကယ်ကို ခဏလောက် သေပြ လိုက်ချင်သေး…”

 

သေမည့်သေတော့လည်း မအေးမြသည် ဦးနှောက်သွေး ကြောပြတ်ကာ ဗြုန်းစားကြီး သေသွားပါသည်။ သေခြင်း တရားသည် ခဏလောက်နှင့် မကျေနပ်တတ်ကြောင်း ထာ၀ရ တရားကိုသာ လက်ကိုင်ထားကြောင်း မအေးမြ တွေးချိန်ပင် ရလိုက်ရဲ့လား မသိရပါ။

 

အိမ်ချင်းကပ်လျက် ဆိုတော့လည်း မအေးမြဆီ ကျွန်မ ချက်ချင်း ရောက်သွားပါသည်။ ပူပူနွေးနွေး ပျော့ပျော့ပျောင်း ပျောင်းပင်ရှိသေးသေ သူ့ကို ကြည့်ရသည်မှာ သေပြီဟု ယုံနိုင်စရာပင် မရှိပါ။

 

“ကြည့်ကြပါဦးဗျာ၊ အိပ်နေတာများလား၊ မြောနေတာ များလား”

 

ကိုအောင်မျိုးက မအေးမြကို ပွေ့ဖက်ထားရင်း မချိတင်ကဲ ပြောနေသည်။ ကျွန်မလည်း သူနှင့်ရောကာ မျက်ရည်ဖြိုင် ဖြိုင်ကျရင်း “ကျွန်မအရင် သေရင် သူပါ လိုက်ပြီးသေမှာ” ဟု ပြောခဲ့သော မအေးမြ၏ စကားကို သတိရပါသည်။

 

“လာ… ဆွေဆွေ… လာစမ်း”

 

ကျွန်မက အိမ်ရှေ့မှဆွေဆွေ့ကို လက်ကုတ်ကာခေါ်ခဲ့ပြီး မီးဖိုချောင်မှ ဓားတွေ၊ ကတ်ကြေးတွေကို လိုက်ပြီးသိမ်းခိုင်း၊ ဝှက်ခိုင်းရပါသည်။

 

“နေဦး နေဦး။ သူတို့အိပ်ခန်းထဲက ကြွက်လျှောက်မှာ လည်း စိတ်ငြိမ်ဆေးပုလင်း တွေ့ခဲ့တယ်။ ဝှက်ထားဦးမှ၊ အဲဒါလည်း အိပ်ဆေးလိုပဲ အများကြီးသောက်ရင် သေတတ် တာပဲဟဲ့။ ဟိုကြောင်အိမ်အောက်က ကြွက်သတ်ဆေး ထင် တယ်။ အဲဒါလည်း ဝှက်ထားဦး”

 

အသက်ကို အန္တရာယ်ပေးနိုင်သော ပစ္စည်းဟူသမျှ၊ ဆေးဟူသမျှ သိမ်းရဆည်းရ ဝှက်ရနှင့် ကျွန်မတို့တစ်တွေမှာ မျက်ကလဲဆန်ပျာ ဖြစ်နေပါသည်။

 

“မြရယ်… မြရဲ့၊ မောင် ဘယ်လိုနေခဲ့ရမလဲ၊ မောင် တစ်ယောက်တည်း မနေခဲ့ဘူး။ မြနောက်ကို လိုက်ခဲ့မယ် သိလား”

 

ယောက်ျားရင့်မာကြီး တန်မဲ့နှင့် အော်၍ငိုတော့ ကျွန်မမှာ မျက်ရည်ပင် မဆည်နိုင်တော့ပါ။ သေသူ မအေးမြထက် ကျန်ရစ်သူ ကိုအောင်မျိုးက ပိုပြီး သနားစရာ ကောင်းနေပါသည်။

 

မအေးမြအခေါင်းကို မီးသင်္ဂြိုဟ်စက်ထဲသွင်းတော့ ကိုအောင်မျိုးက လွှတ်မပေးဘဲ အတင်းဆွဲထားသည်။ သူ့ လက်ကို အတင်း ဝိုင်းဖြေကြတော့ မျက်ဖြူလန်ကာ တက်သွားသည်။ သူ့ကို ဝိုင်းပြီး ခြေမချိုးကြ၊ ဘ၀င်ဖိကြ၊ ယပ်ခတ်ကြနှင့်မို့ မီးသင်္ဂြိုဟ်စက်ထဲ ရောက်သွားသော မအေးမြကိုပင် သတိမရနိုင်ကြပါ။

 

.“ကိုမျိုး… ကိုမျိုး… သတိထားလေ၊ တရားနဲ့ ဖြေမှပေါ့”

 

ကျွန်မသည် ကိုအောင်မျိုးကို ယပ်ခတ်ရင်း ငိုသံနှင့် ဖျောင်းဖျမိသည်။

 

“သူ့ကို လွှတ်မထားနဲ့နော်၊ တစေ့တစောင်းလေး အကဲ ခတ်နေဦး”

 

ဆွေဆွေက ကျွန်မကို သတိပေးပါသည်။ ဆွေဆွေ၏ ယောက်ျားကမူ ရယ်ချင်သည်ကို ထိန်းထားသော မျက်နှာထားနှင့် ပြုံးရုံပဲပြုံးသည်။

 

“တကယ်သေချင်ရင် ဓားတွေ အဆိပ်တွေ မလိုပါဘူးကွာ၊ မီးပလပ်ပေါက်ထဲ လက်နှိုက်လိုက်ရင် တစ်ချက်တည်း ပဲ”ဟု ပြောတော့ ဆွေဆွေက သူ့ယောက်ျား၏ ပေါင်တွင်းကြောကို လိမ်ဆွဲသည်။

 

“လမ်းပြစကား ပြောမနေနဲ့၊ တော်ကြာ သူ တကယ် သတိရပြီး လုပ်သွားဦးမယ်”ဟု ဆူသည်။ ညကျတော့ ကျွန်မက စိတ်ငြိမ်ဆေး ပုလင်းထဲတွင် ဆေးလေးနှစ်ပြားသာချန်ကာ ကိုအောင်မျိုးကို ပြန်ပေးလိုက်သည်။ နောက်နေ့ မနက်ကျတော့ ဆေးပုလင်းကို ကြည့်မိသည်။ ဆေးမလျော့ပါ။ သူ့ခမျာ အိပ်မပျော်သည်ကိုပင် အိပ်ဆေးသောက် မအိပ်ဘဲ ငုတ်တုတ် ထိုင်ပြီး မိုးလင်းဟန် တူပါသည်။ မျက်ရည် အဝဲသားနှင့် ထိုင်ပြီး ငေးနေသဖြင့် ကျွန်မက “တရားနဲ့ဖြေပေါ့ ကိုမျိုးရယ်”ဟု ပြေရပြန်သည်။

 

ကိုအောင်မျိုးသည် သက်ပြင်းကြီး ဟင်းခနဲချကာ ကျွန်မကို ငေးကြည့်နေပါသည်။ ထို့နောက် “မအေးမြရဲ့ဓာတ်ပုံတွေကို ဖြုတ်ပြီး သိမ်းပေးထားစမ်း ပါဗျာ၊ ကျွန်တော် မြင်နေရရင် မနေတတ်ဘူး၊ စိတ်မကောင်း လွန်းလို့” ဟု ခပ်တိုးတိုး ပြောပါသည်။

 

တိုတိုနှင့် လိုရင်းကိုသာ ပြောပါတော့မည်။

 

မအေးမြ ဆုံးပြီး ၆ လခန့်အကြာ သတင်းစာထဲတွင် “နှစ်ဦး သဘောတူ လက်ထပ်ပြီးစီးခြင်း” ကြော်ငြာတစ်ခုကို တွေ့ကြရပါသည်။

 

“ကျွန်တော် မောင်အောင်မျိုးနှင့် ကျွန်မ မခင်ပြုံးကြည်” တို့ ဖြစ်ကြ ပါသည်။

 

ကျွန်မ မအေးမြကို သတိရနေပါသည်။ “ကိုမျိုးကို ကျွန်မ မယုံချင်ပါဘူး အစ်မရယ်၊ ဒါပေမယ့် ဘာလို့လဲ မသိဘူး။ ကျွန်မ ယုံသွားတယ်”ဟု ရှက်ပြုံးလေးနှင့် ပြောခဲ့ပုံကို မြင်ယောင် ကြားယောင် နေပါသည်။

 

ကျွန်မလည်း နေ့ခင်းတိုင် အိမ်လာလည်သူတို့ကို လက်ဖက်ပွဲနှင့် ဧည့်ခံရဦးမည်။

 

“ကျွန်မ သူ့ကို မယုံချင် ပါဘူးရှင်၊ ဒါပေမယ့် ဘာလို့လဲ မသိဘူး။ ယုံသွားတယ်”ဟုလည်း ပြောရဦးမည်။

 

ပြောစရာတစ်ခု ကျန်သွားပါသည်။

ကျွန်မ၏ အမည်မှာ “ခင်ပြုံးကြည်” ဖြစ်ပါသည်။

 

_____________**************________________

 

မစန္ဒာ

(စာရေးဆရာမ မစန္ဒာ၏ ၀တ္ထုတိုများ – ၃ စာအုပ်မှ ကောက်နုတ်ထားပါသည်)

#Mya short story ဘလော့ဂ်မှ ကူးယူထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *